Wednesday 29 March 2017

လိုက်ဆို (၂)

အသျှင်မင်းဖုရား...
ကျွန်တော်မျိုး ကျွန်မမျိုးတို့သည် အနှစ်နှစ်အလလက မှန်းရမ်းမျှော်မှန်းထားခဲ့ကြသည့် စိတ်ကူးယဉ် အိပ်မက်ကြီး ဘွားကနဲ ဘွင်းကနဲ ရှင်းရှင်းလင်းလင်း ပေါ်ပေါက်လာပါစေခြင်းအကျိုးငှာ
စေတနာသုံးတန် အသကုန် ယိုစီးသွန်၍ မောင်သာသနာ မယဉ်ကျေး မယ်သင်္ကြန်တို့ကို မရမ္မလောက တိဘ၀သခင် ပြည့်သျှင်မင်းဖုရားအား လုံးလုံးလျားလျား ၀ကွက်အပ်၍ ယုံယုံကြည်ကြည် အပ်နှင်းလှူဒါန်းပါ၏ အသျှင်ဖုရား...။
.
ဤမောင်သာသနာ မယဉ်ကျေး မယ်သင်္ကြန်တို့ကို
အသျှင်မင်းဖုရား ဆန္ဒတော်အတိုင်း သွန်လိုသွန် မှောက်လိုမှောက်
ချီးမြှောက်လို ချီးမြှောက် အပြီးဖျောက်လိုဖျောက် နောက်မတွန့် ကြောက်ရွံ့တော်မမူပါလင့် အသျှင်မင်းဖုရား....။
...
ထိုမှတပါး
စိုက်ပျိုးလိုက စိုက်ပျိုး၊ ရိုက်ချိုးလိုက ရိုက်ချိုး၊ အမျိုးနှောလိုက နှော၊ သူခိုး ရောလိုက ရော၊ အကျိုးလို၍ ပြောပြော၊ အဆိုးလို၍ သောသော၊ ရွှေရောရော ကျောက်ရောရော သဘောရှိ ကရောဟိတော်မူပါ အသျှင်မင်းဖုရား...။
..
ဤသို့ အပ်နှင်းလှူဒါန်းရသော စေတနာတို့ကြောင့် ကလေးအစ ခွေးအဆုံး အားလုံးက သိမ်းကြုံးမျှော်လင့်ထားခဲ့ကြသည့် စိတ်ကူးယဉ် ဘုံဗိမာန်အိပ်မက်ကြီး
ဟီးကနဲ..ဟားကနဲ...ဘွားကနဲ..ဘွင်းကနဲ...ဗြုန်းကနဲ...၀ုန်းကနဲ...အုန်းအုန်းကျက်ကျက် ဂျုန်းဂျုန်းဂျက်ဂျက် အမြန်ပေါ်ထွက်ရပါလို၏ အသျှင်မင်းဖုရား...။
.
ထိုအိပ်မက်ကြီး မပေါ်ထွက်မီ ကြားကာလ၌ ဟိုနားဒီနား ဟိုသွားဒီသွား ကို့ရို့ကားယား ယီးတီးယားတားဖြင့် ကျက်စားကျင်လည်၍ မျက်နှာငယ်ဘ၀ ရခဲ့ကြသည်ရှိသော် ပြည်တွင်းစစ်ဘေး ပြည်ပစစ်ဘေး မုဒိမ်းဘေး လူသတ်ဘေး ဓားပြဘေး သူခိုးဘေး ရေဘေး လေဘေး မီးဘေး ဗုံးဘေး လောင်ချာဘေး မူးယစ်ဆေးဘေး ရောဂါဘေး ညှင်းပန်းနှိပ်စက်ဘေး မတရားဘေးအစရှိသော ဘေးအမျိုးမျိုး ရန်အမျိုးမျိုး အန္တရာယ်အမျိုးမျိုး ရန်စွယ်အမျိုးမျိုးတို့မှလည်း လွတ်ကင်းရပါလို၏ အသျှင်မင်းဖုရား...။
.
ဤကောင်းမှု၏ အဖို့ဘာဂကို (၁၈၂၄-၂၆) အင်္ဂလိပ်-မြန်မာ ပထမစစ်ပွဲမှစ၍ မြန်မာ့လွတ်လပ်ရေးတိုက်ပွဲအလယ် ၂၀၀၇ ရွှေဝါရောင်တော်လှန်ရေးအဆုံး တဘုံးဘုံး ကျဆုံးခဲ့ကြကုန်သော သာသနာ့အာဇာနည် လူအာဇာနည် တိရစ္ဆာန်အာဇာနည်အားလုံးတို့အား အမျှပေးဝေပါ၏ အသျှင်မင်းဖုရား။
.
ထိုမှတပါး
ဟိုအရင်က စ၍ ယနေ့ညတိုင်အောင် ကြိုကြားကြိုကြား၌ ပယောဂအမျိုးမျိုးကြောင့် အသက်ဝိညာဉ် လွှင့်စင်ပဲ့ထွက်သွားကြကုန်သော သားသုံးသားနှင့် ပြည်သူပြည်သားတို့အားလည်း အမျှပေးဝေပါ၏ အသျှင်မင်းဖုရား။
.
အထူးအားဖြင့်
အနှစ်နှစ်အလလက စုန်းစုန်းမြှုပ် ပျောက်ကွယ်လွှင့်ပါးသွားခဲ့ကြသော
ဖဆပလ မဆလ န၀တ နယက မထသ အစရှိသော မရဏဘ၀တို့အားလည်း အမျှပေးဝေပါ၏ အသျှင်မင်းဖုရား။
.
အားလုံးကုန်သော ကြားကြားသမျှသော မြင်မြင်သမျှသော
ပုပုကွကွ နုနုယွယွ မရှုမလှ ကညုကလျ ဟိုပြဒီပြ နာနာဘာဝ ၀ိနာဘာဝတို့သည်
ကျွန်တော်မျိုး ကျွန်မမျိုးတို့ အပ်နှင်းလှူဒါန်းရသော စေတနာ၏ အဖို့ဘာဂကို နေ့ချင်းညချင်း ရှင်းရှင်းလင်းလင်း ရကြသည်ဖြစ်၍ ထက်အောက်နှစ်ဖြာ လုံခြုံစွာ ဖုံးအုပ်နိုင်ကြပါစေသော်ဝ်။
.
အားလုံးကြားကြားသမျှ ဘ၀ ဘ၀ ဘ၀ လှကြပါစေကုန်လော့..... သာဓု သာဓု သာဓု (၃ခါဆို)။


(၁၁ မတ်လ ၂၀၁၇)

No comments: