Thursday 4 August 2016

ဟိုရှေးရှေးက ဆုတောင်း


စိရံ တိဋ္ဌတု သဒ္ဓမ္မော ၊ ဓမ္မေ ဟောန္တု သဂါရဝါ ။
သဗ္ဗေပိ သတ္တာ ကာလေန ၊ သမ္မာ ဒေဝေါ ပဝဿတု ။
ဗုဒ္ဓသာသနာတော်မြတ်ကြီး အရှည်တည်တံ့ ခိုင်ခံ့ပါစေ။
သတ္တ၀ါများအားလုံး တရားတော်မြတ်ကို ရိုသေလေးစားနိုင်ကြပါစေ။
သင့်တော်သောအချိန်၌ မိုး မှန်မှန် (များများ) ရွာသွန်းဖြိုးပါစေ။
...
ဒီဆုတောင်းဂါထာလေးကတော့ အေဒီ ၅ ရာစု (လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၅၀၀ ကျော်) မှာ ပေါ်ထွန်းခဲ့တဲ့ အဋ္ဌကထာကျမ်းပြုထေရ် အရှင်မဟာဗုဒ္ဓဃောသရဲ့ ဆုတောင်းဂါထာလေးပဲ ဖြစ်ပါတယ်။ သူပြုစုခဲ့တဲ့ အဋ္ဌသာလိနီအဋ္ဌကထာ နိဂုံးပိုင်းမှာ ဆုတောင်းထားတဲ့ ဆုတောင်းတွေထဲက ဆုတောင်းတစ်ပုဒ်ပဲ ဖြစ်ပါတယ်။ သူရဲ့ ကျမ်းပြုရတဲ့ ကုသိုလ်ကြောင့် အဲဒါတွေ ဖြစ်ပါစေဆိုပြီး အများအတွက် ဆုတောင်းပေးထားတာလေးပါ။ 
.
ဒီဆုတောင်းဂါထာလေး ဖတ်ပြီး တစ်ခု စဉ်းစားမိသွားတယ်။ ဟို ရှေးအခါက အိန္ဒိယ သီဟိုဠ် နိုင်ငံတွေမှာ မိုး အတော်ခေါင် (တော်တော်လေးကိုခေါင်) ခဲ့ကြမဲ့ပုံပဲ။ မကြာခဏ ခေါင်ခဲ့ကြမဲ့ပုံပဲ။ မိုးခေါင်ခြင်းရဲ့ နောက်ဆက်ဆိုးကျိုးတွေလဲ အများကြီး ကြုံခဲ့ရမှာပါပဲ။ မိုးခေါင်တော့ အစားအစာရှားမယ်၊ အစားအစာရှားတော့ ဖြစ်သလို ကြုံရာ စားသောက်ရတဲ့အတွက် ရောဂါဆိုးတွေ ၀င်လာမယ်၊ အစားအသောက်တစ်လုပ်အတွက် လုယက်သတ်ဖြတ်မှုတွေ ပေါ်ပေါက်လာမယ်။
ဆိုးကျိုးက မနည်းမနောပဲ။ ဒါကြောင့် ကျမ်းပြုအရှင်က သူ့အတွက်တောင် ဆုမတောင်းဘဲ အများအတွက် အဆင်ပြေဖို့ အဲဒီလို ဆုတောင်းခဲ့တာ ရှိမယ်။
.
အဲဒီ ဆုတောင်းလေးရဲ့ နောက်မှာ နောက်ထပ် ဆုတောင်းဂါထာလေး တစ်ပုဒ် ကပ်လိုက်လာတယ်။
.
ယထာ ရက္ခိံသု ပေါရာဏာ၊ သုရာဇာနော တထေ၀ိမံ။ 
ရာဇာ ရက္ခတု ဓမ္မေန၊ အတ္တနောဝ ပဇံ ပဇံ။
ရှေးမင်းကောင်းမင်းမြတ်တွေ တိုင်းသူပြည်သားများအပေါ် ( ရေ မီး မင်း ခိုးသူ စတဲ့) ရန်မျိုးစုံမှ ကာကွယ် စောင့်ရှောက်ပေးသကဲ့သို့ ယခုလက်ရှိ မင်းတွေလဲ တိုင်းသူပြည်သားများအပေါ် မိမိရဲ့ ရင်ဝယ်သားနဲ့ မခြား တရားသဖြင့် စောင့်ရှောက်နိုင်ကြပါစေ... တဲ့။
.
မြန်မာနိုင်ငံတလျှောက် တောရွာဘုန်းကြီးကျောင်းကလေးတွေကအစ မြို့ပြ ကျောင်းတိုက်ကြီးတွေ အဆုံး နေ့စဉ်နေ့တိုင်း ရဟန်းသာမဏေများ ဘုရားဝတ်တက်တဲ့အခါ ဒီဆုတောင်းဂါထာလေးတွေကို ထည့်ရွတ်ဆိုလေ့ရှိပါတယ်။ ဘုရားဝတ်တက်ရတဲ့ ကုသိုလ်ကောင်းမှုကြောင့် အဲဒါတွေ ဖြစ်ပါစေ လို့ အများအတွက် ဆုတောင်းပေးကြတာပါ။
.

အခုလောလောဆယ် အခြေအနေအရ ဆုတောင်းပြည့်ရုံတင်မကဘဲ ပိုတောင် ပိုလျှံသွားသလိုပါပဲ။ ဒါပေမဲ့ အရာတိုင်းမှာ ဘေးထွက်ဆိုးကျိုး ရှိကြတယ်မဟုတ်လား။ ပထမဂါထာရဲ့ သမ္မာ ဒေဝေါ ပ၀ဿတု (မိုးများများရွာပါစေ) ဆိုတဲ့ ဆုတောင်းကတော့ ပြည့်ခဲ့ပါပြီ။ ဘေးထွက်ဆိုးကျိုးအတွက် ဒုတိယဂါထာကို ဘယ်လို အကောင်အထည် ဖော်ကြမလဲဆိုတာကတော့ စောင့်ကြည့်ကြရုံမှတပါး။ ။

.

No comments: