Friday 30 November 2012

"မိုးဧကရီသက်သက်နွယ်ဝင်းအေး"


 (Introduction)

 "မိုးဧကရီသက်သက်နွယ်ဝင်းအေး"

"ရင်းရင်းနှီးနှီး မိုးလို့ဘဲ ခေါ်ပါ"

"ဟာ.. ၀မ်းသာလိုက်တာ။ အရမ်းပျော်သွားပြီ"

"ဘာဖြစ်လို့လဲ"

"အစဦးဆုံး စကားလုံးကို ခေါ်ဆိုခွင့်ရလို့"

--------------------------------------------------------------------"ကို လူပို"


(Chapter one)

နာမည်ရှည်ရှည်ရှိတဲ့ မိန်းခလေးတွေမှာ ရည်းစားများများ ရှိတတ်ကြတယ်တဲ့။ ပြီးတော့ ရည်းစားတစ်ယောက်စီကို ဝေါဟာရတစ်မျိုးစီ ခေါ်ဝေါ်စေတတ်ကြတယ်တဲ့။ မိုး... ဧကရီ... သက်..........နွယ်..... ၀င်း.... အေး.....။ အင်း...မိုးတစ်ယောက် ရည်းစား ခြောက်ယောက်များ ထားလေမလား။ မစပ်မဆိုင် စိုးရိမ်စိတ်တွေနဲ့ စဉ်းစားနေမိပြန်တာ။ ငါက  "မိုး"ဆိုတဲ့ ပထမဦးဆုံး စကားလုံးမှာ ရှိနေပါတယ်လေဆိုပြီး ကြံဖန် ဖြေသိမ့်လိုက်မိသေးတယ်။ မကြာသေးမီကမှ အွန်လွန်းကနေ ခင်မင်ခွင့် ရသူတစ်ယောက်အတွက် အစိုးရိမ်လွန်မိတာ အပြစ်များ ဖြစ်နေမလား မသိ။ ဒါပေမဲ့ အချိန်ကြာလာတာနဲ့အမျှ မိုးရေ.. ကိုရေ... နဲ့ အွန်လိုင်း အချစ်ဇာတ်လမ်းလေးတစ်ခု ဖြစ်သွားကြလေတာ။ အတွေ့တွေ အငွေ့တွေ မရှိသည့်တိုင် အကြည့်လေးကတစ်ဆင့် အဟုန်ပြင်းပြင်း စုံမက်သွားပြန်ရောပေါ့။

ဒီရာသီ ဒီဥတုရောက်မှာ ကြောက်လှန့်ပါတယ်ဆိုနေမှ မိုးနဲ့အတူ လေပြင်းက တိုက်ခတ်လာလေတာ။ မိုးရာသီမရှိတဲ့ ဒီလို ဒေသမျိုးမှာ ကိုရွှေမိုးက ဘယ်အငြိုးနဲ့ ရွာချလေမှန်းမသိ။ အကာအကွယ်မဲ့သူ သူ့အတွက် တစ်ကိုယ်လုံးကို ရွှဲရွှဲစိုလို့။ အပြင်ထွက်တိုင်း ထီးယူရမှာကို ကျားမြီးဆွဲရတာထက် ကြောက်သူမို့ မိုးဟေ့ဆိုရင် သူ ကြွက်စုပ်ရေမွှန်းဖြစ်နေကျ။ ဒီကြားထဲ မိုင်းနပ်စ်ဒီဂရီ ရောက်နေတဲ့ အအေးဓါတ်က ရောစွက်နှိပ်စက်လိုက်သေးတာ။

လက်ပတ်နာရီကို ကြည့်လိုက်တော့ နေ့လည် ၁ နာရီကို ညွန်ပြနေတဲ့အတွက် မိုးဧကရီသက်သက်နွယ်ဝင်းအေးလေးနဲ့ ချိန်းဆိုထားတာကို ရုတ်တရက် သတိရလိုက်မိတာ။ အွန်လိုင်းက စောင့်နေမယ်တဲ့။ ဒီအချိန်ဆို သူ့အရပ်မှာ နေ၀င်ရီသရော အချိန်ပေါ့။ မြန်မြန်အိမ်ပြန်မှ။ နို့မို့ဆို မလွယ်ဘူး။ တစ်ရက်အချိန်မီ အွန်လိုင်းမှာ မတွေ့ရင် တစ်သက်လုံး နောင်တရနေစေရမယ်တဲ့။ မိုး ပြောခဲ့တဲ့ စကားလုံးလေးကို နားထဲမှာ ကြားယောင်နေမိပြန်တာ။

"ဟလို မိုး။ စောင့်နေတာ ကြာပြီးလား"

"အချိန်မှန်ရောက်သားဘဲ။ တွေ့မှ ဆုချဦးမယ်"

အွန်လိုင်းမှာတွေ့ အိမ်လိုင်းမှာသိ အိမ်လိုင်းမှာဘဲ ချစ်သူဖြစ်သွားကြပေမဲ့ တစ်ယောက်နဲ့ တစ်ယောက် ယုံကြည်စွာ နှစ်နှစ်ကာကာ ချစ်ကြိုက်နေမိကြပြန်တာ။ သူ့အကြောင်းကိုယ်မသိ ကိုယ့်အကြောင်းသူမသိ။ ဒါပေမဲ့ ဒါက ကိစ္စမရှိ။ ယုံကြည်မှုတည်ဆောက်ပြီး အချင်းချင်း အပြန်အလှန်ချစ်နေကြရင် ဘ၀တစ်ခုလုံး ပြည့်စုံနေပြီလေ။ ကိုက လူပျိုလူလွတ် ဘယ်သူ့မှ အတွယ်မတာမရှိ မိုးတစ်ယောက်ထဲ ရင်ထဲမှာ ရှိတယ်ဆိုတာကို ကျိန်ပြောရဲတယ်လို့ ဆိုလေတော့ မိုးက ယုံပါတယ်ရှင်ရယ်၊ မိုးလဲ မိုးရင်ထဲမှာ ကိုကိုမှကိုကို ကိုကိုကို ဖြစ်နေလို့ ခက်နေတာ။ မိုးအပြောအောက်မှာ အရည်ပျော်ပေါင်း မနဲပြန်တော့ဘူး။

မိုးရေ အွန်လိုင်းမှာ ယောက်ျားတကာနဲ့ မရောနဲ့နော်၊ ယောက်ျားတွေက ကောင်းတာ မဟုတ်ဘူး၊ တော်ကြာ မိုးလေး မယားငယ်ဘ၀နဲ့ ရင်ကျိုးနေရဦးမယ် ဆိုတော့။ မိုးက စိတ်ချပါရှင်ရယ်၊ မိုးက ဘယ်တော့မှ သူများ ဒုတိယမယား မဖြစ်စေရပါဘူးတဲ့။ ချွတ်ယွင်းချက်အနေနဲ့ ကိုကသာ ပထမမယား မရှိခဲ့ဘူးဆိုရင်ပေါ့လေတဲ့။ မိုးရဲ့စကားက ရင်အလယ်တည့်တည့်ကို တိုက်ရိုက်ထိမိနေပြန်တာ။ ကဲ.. ဒါဖြင့် မိုးရေ လာမဲ့နှစ် ဒီရာသီ ဒီအချိန်မှာ ဒီဇင်ဘာနှင်းဖွေးဖွေးလေးတွေနဲ့အတူ ကိုတို့ဘ၀ကို နှစ်ယောက်ပေါင်း တစ်ယောက်အဖြစ် ထူထောင်ကြပါစို့ ဆိုတော့ စိမ်လိုက်လေ ကြာသလားလို့တဲ့။ ရင်ထဲမှာ မုန်တိုင်းကျနေသလို စိတ်လှုပ်ရှားနေမိပြန်တာ။
.....

(Chapter two)

ကဲ... ဒီဇင်ဘာတော့ ရောက်လာပြီ။ မိုးက ဖြူသလား မဲသလား မသိ။ အွန်လိုင်းမှာဘဲ တွေ့ဖူးတာဆိုတော့ အပြင်ရောက်ရင် ဘယ်လို ရုပ်များပေါက်နေမလဲ။ ကိစ္စမရှိပါဘူးလေ။ အဓိကက အဓိကပါဘဲ။ ( ဟီး ဟီး မဟုတ်တာတွေ စဉ်းစားနေကြလားမသိ (၀-၀)။ အချစ်က အဓိက မဟုတ်လား။ တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်မေတ္တာရှိနေရုံနဲ့ ကျန်တာတွေ မေ့ပစ်လိုက်လို့ရပါတယ်။ အင်း.... မိုးက နတ်သမီးလေးလို ချောလောက်ပါတယ်။ (ကောင်းကင်သို့ မျက်စိပင့်ပြီး နတ်သမီးတစ်ပါးကို ပုံဖော်၍ ပြောသည်း-း))။  

အပြင်မှာ အရှင်လတ်လတ်ကြီး တွေ့လိုက်တော့မှ မိုးက အသားလတ်လတ်၊ မော်ဒယ်ကိုယ်လုံးနဲ့ မျက်နှာချိုချို။ ရွက်နုရည်ကျို အဆင့်မျိုး။ မဆိုးပေဘူး။ လူရွေးတာ မမှားပေဘူးဘဲ။ (မိန်းခလေးများစွာထဲမှ စိတ်ကြိုက် တစ်ယောက်ကိုသာ ခေါင်းခေါက်ရွေးယူလိုက်သည့် စတိုင်လ်ဖြင့် ဖြီးသည်။ အမှန်မှာ မိုး တစ်ယောက်ကိုတောင် သူငယ်ချင်းအကူနဲ့ ရထားတာ။ အဟီး)။ 

သူလဲ ကိုယ့်ကိုကြိုက် ကိုယ်လဲ သူ့ကိုကြိုက်မို့ ခပ်မိုက်မိုက်နဲ့ဘဲ အကျဉ်းချုံးပြီး မဟာရန်ကုန်မြို့ရဲ့ လေးစတားခွဲအဆင့် ဟိုတယ်တစ်ခုမှာ (ဘယ်ဟိုတယ်ပါလိမ့ိ-ိ) နှစ်ဘက်ဆွေမျိုးများရှေ့မှောက် အကြင်လင်မယား မြှောက်ခဲ့ကြတယ် (နဲနဲများ အလျင်လိုသွားလား မသိး)။ ဒီလိုနဲ့ အချစ်ရေဆမ်းခရီးအတွက် ချောင်းသာသွားပြီး တစ်လတိတိ မိုးမမြင်လေမြင် (ကမ်းခြေနဲ့ရေပြင်ကိုသာမြင်ပြီးး) ဥပုသ်မေ့ ဒါနမေ့ ဘာဝနာဆို ဝေလားဝေး။ သောင်ပြင်ပေါ် ပတ်ပြေးတမ်းဘဲ ကစားခဲ့ကြတယ်။ (ဟီး ဟီး တစ်ခါမှလဲ အဲလို ပြေးတမ်းမကစားခဲ့ဖူးဘူး။ ရှောက်ရမ်းရေးကြည့်လိုက်တာ)။

တစ်လပြည့်တော့ လူကလဲ ခွေနုံးနုံးဘဲ ကျန်တော့တယ် (ခရီးပန်းလို့ပါနော်း)။ မဟာရန်ကုန်ပြန် ခဏ တစ်လ နားပြီး ပြည်ပကို တူနှစ်ကိုယ် အတူတူ ထွက်ခဲ့ကြတယ်။ မိုးက မှီခိုသူ။ ကိုက အမှီခိုခံ။ ဒီလိုနဲ့ ခြောက်လလောက် အတူပေါင်းပြီးတဲ့အခါမှာတော့ မိုးအတွက် ကံဆိုးစေမဲ့ စကားမျိုးတွေ ဟိုနားဒီနားက ထွက်လျံလာပါတော့တယ်။ (ဘာစကားများပါလိမ့်။ သူ ဒုတိယမယား ဖြစ်သွားပြီလား)။ ဖွဟဲ့ လွဲပါစေ ဖယ်ပါစေ။ ပရိသတ်ထင်ထားတာနဲ့ ပြောင်းပြန်ရယ်။ မိုးရဲ့ သူငယ်ချင်းဟောင်း တစ်ယောက်ဆီက ထွက်အံလာတဲ့ စကားပါ။ ဒီစကားကြောင့် အိမ်ထောင်ပြိုလဲသွားနိုင်တယ်လေ။ မိုးမှာ ပထမယောက်ျားရှိခဲ့တယ်တဲ့။ တစ်နှစ်လောက်ပေါင်းပြီး ကွာရှင်းလိုက်ကြတာတဲ့။ ပိုဆိုးတာက မိုးမှာ ကလေးတစ်ယောက် ရှိတယ်တဲ့။ နယ်က သူ့ဆွေမျိုးတွေဆီ ကလေးကို ပို့ထားပြီး အပျိုလုပ်နေခဲ့တာတဲ့။ ဘုရားရေ။ ကမ္ဘာလောကကြီး အ၀တ်လျှော်စက်လို ချာချာလည်သွားသလို ခံစားလိုက်ရတယ်။ မိုးကို မေးကြည့်လိုက်တော့ လွယ်လွယ်လေးဘဲ ပြန်ဖြေတယ်။ ဟုတ်တယ်လေတဲ့။ ဒါဖြင့် အစကထဲက ဘာလို့ ဖွင့်မပြောတာလဲ ဆိုတော့ ကို ပစ်သွားမှာ ကြောက်လို့တဲ့။ ကဲ...ကဲ.... ကိုကို ပုရိသများ သင်ခန်းစာ ယူကြပါတော့။ မိုးကို မျိုချရခက် ထွေးပစ်ရခက်နဲ့ ဘယ်လို ဘယ်လို လုပ်ရမှန်းတောင် မသိတော့ပါဘူး။ (ဘယ်လိုလုပ်ရမှန်း မသိလို့ ဒီလိုဘဲ နေရင်း မိုးမှာလဲ ကိုယ်ဝန်ကြီးကို ရလို့း)
.....

(Chapter three)

ကဲ.. ကြားလို့မှ ကောင်းကြသေးရဲ့လား ဗျာတို့ရယ်။ ကျနော့်မိန်းမ ချောလှချည်ရဲ့ တော်လှချည်ရဲ့ ငြိမ်လှချည်ရဲ့နဲ့ ချီးမွမ်းခန်းဖွင့်ခဲ့တာ အခုတော့ ကျနော့်မိန်းမ မိမိုး ဟိုးလေးတကျော် ဖြစ်နေပြီကော ဗျာတို့ရယ်။ ကျနော် ဘာလုပ်ရမလဲ။ သူ့အိမ်ပြန်ပို့ပြီး မင်္ဂလာစရိတ်ကုန်ကျခဲ့တဲ့ ပိုက်ဆံတွေ ပြန်တောင်းရင် ကောင်းလေမလား။ ကိုယ့်မယားကို ဒီလို သူ့အိမ်ပြန်ပို့ရိုး ရွှေမြန်မာ ထုံးတမ်းစဉ်လာ ရှိပါသလား ဗျာတို့။ 

မိမိုး ပြောတာလဲ နားထောင်ကြည့်ကြပါဦး အရပ်ကတို့။ ရှင့်ကို ကျမ အပျိုစစ်စစ်ပါလို့ တစ်ခါမှ လိမ်ညာမပြောခဲ့ဘူးနော်တဲ့။ သူ့ဂုဏ်ကိုငဲ့ပြီး အပျိုစစ်လားလို့ ဘယ်မေးရက်ပါ့မလဲ ဗျာတို့ရယ်။ ပြီးတော့ ကျမက ယောက်ျားတစ်ယောက်ရဲ့ ဒုတိယမယား ဘယ်တော့မှ မဖြစ်စေရဘူးလို့သာ ပြောခဲ့တာ၊ ကျမက ရှင့်ကို ကျမရဲ့ ဒုတိယယောက်ျား မဖြစ်စေရဘူးလို့ မပြောခဲ့မိဘူးနော်တဲ့။ ကဲ....ကြားကြရဲ့လား ဗျာတို့။ မိမိုးတို့ လုပ်ချက်ကြောင့် ကျနော် သက်ပြင်းတွေ ချနေရပြီ ဗျာတို့ရယ်။


ကျနော် ဘာဖြစ်သွားပြီလဲ ခင်ဗျာ။ အချစ်မှာ မျက်စိမရှိပါဆိုတဲ့ ကိုထီးရဲ့ သီချင်းက သွေးထွက်အောင် မှန်နေပြီလား သူငယ်ချင်းဗျာတို့ရယ်။ ပြည်ပမှာ နေပြီး ကျနော် ဒီလောက်ထိ နုံအ နေရော့လေသလားဗျာတို့။ ဟိုစကားပုံလေးကို ဖြစ်နေပြီထင်ပါရဲ့။ "ငါ့ကို အအ ဆိုပြီး ချီးတုံးကို မုန့်လုပ်ကျွေးတာ၊ ဘယ်ရမလဲ တစ်တုံးလဲ ကုန်ရော ငါ တန်းသိတာဘဲ" ဆိုသလို အခုလဲ သူများလာပြောမှ ကိုယ့်မိန်းမရဲ့ ဇာတ်လမ်းဇာတ်ကွက်ကို သိခွင့်ရပါရောလား ဗျာတို့ရယ်။
...........

(Chapter four)

ထိုကဲ့သို့ မှန်းချက်နဲ့ နှန်းထွက် မကိုက်ခြင်းသည် လူ့ဘ၀၏ ပြယုဂ်တစ်ခုပင် ဖြစ်လေသည်။ လိုတာ အားလုံး ရနေလျှင် အနတ္တလို့ ဘုရားရှင် မည်သို့ ဟောထွက်ပါအံ့နည်း။ ရှေးဘ၀က အတူတူ ပန္နက်ခဲ့ဖူးသည့် ဖူးစာအကြောင်းပါလာ၍ ယခုကဲ့သို့ အကြောင်းစုံ ပေါင်းဆုံလာရခြင်း ဖြစ်ပေမည်။ ထို့ကြောင့် ကြက်ကလေး ငှက်ကလေးဘ၀ရောက်ရင်လဲ အတူတူ ဖြစ်ရပါလို၏။ ငရဲအိုးထဲ ရောက်ရင်လဲ တစ်အိုးထဲမှာ အတူတူ ရောက်ရပါလို၏။ ယုတ်စွအဆုံး ငံပြာရည်ဖြစ်ရင်တောင် တစ်ပုလင်းထဲမှာ အတူတူဖြစ်ရပါလို၏ ဟူ၍ ဆုတောင်းမှားခဲ့ခြင်းသည်လည်း ဖြစ်လေရာဘ၀မှာ ပေါင်းဆုံဖို့ တွန်းအားတစ်ခု ဖြစ်ကောင်း ဖြစ်နိုင်ပါသည်။

ထို့ကြောင့် မိမိရရှိထားသည့် သက်ရှိသက်မဲ့ ပစ္စည်းဥစ္စာတို့အား ဟောင်းသည် သစ်သည် ပျိုသည် အိုသည် ဟူ၍ ဇီဇာကြောင် ဂျီးများမနေကြဘဲ မိမိတို့၏ လက်ရှိဘ၀ကို ပိုမိုသာယာစိုပြေအောင်သာ ကြိုးစားပြုလုပ်သင့်ပေသည်။ မေတ္တာပြဋ္ဌာန်းပြီး  ဘ၀ခရီးလမ်းကို လျှောက်လှမ်းကြသူအဖို့ မေတ္တာ၏ အကျိုးအာနိသင်ကို ခံစားစံစားရမည်မှာ အမှန်ပင် ဖြစ်ပေသည်။ ချမ်းသာစစ် ချမ်းသာမှန်လည်း ဧကန် ရောက်ရှိလာပေလိမ့်မည်။ ကြာဖူးနာဖူးဖတ်ဖူးခဲ့သည့် ကဗျာလေးတစ်ပုဒ် လက်ဆောင်ပေးလိုပါသည်။

လောကီပုဂ္ဂိုလ်၊ လူထိုထိုတို့
မလိုမကောင်း၊ လိုလျှင်ကောင်း၏
အဟောင်းအသစ်၊ ပျိုအိုဖြစ်လည်း
မချစ်မလှ၊ ချစ်လျှင်လှ၏။

ကဗျာလေးထဲကအတိုင်း ပျိုပျိုအိုအို ဟောင်းဟောင်းသစ်သစ် အချင်းချင်း လိုချင်မှုရှိကြပါ။ ဒါမှ အကောင်းမြင်ကြမှာ။ အချင်းချင်း ချစ်ခင်မှု ရှိကြပါ။ ဒါမှ မျက်စိထဲ လှနေကြမှာ။ ဒါကြောင့် ဘ၀ခရီးဖော်များ အချင်းချင်း လိုချင်နှစ်သက်မှု ရှိနိုင်ကြပါစေ၊ အချင်းချင်း ချစ်ခင်နိုင်ကြပါစေလို့ တောင်းဆုပြုပေးလိုက်ပါတယ်။ အားလုံးစိတ်အစဉ် အေးမြကြည်လင်ကြပါစေကွယ်။
.....

(Conclusion)

ဤသို့ဤနှယ် ရှည်လျားထွေပြားသည့် အွန်လိုင်းဇာတ်လမ်းတိုတစ်ပုဒ်ကို ဖတ်ရှု၍ အဆင်မပြေအောင် ဆက်လက် ဖတ်ချင်စိတ် ကုန်သွားလောက်အောင် ကို့ယို့ကားယားဖြစ်အောင် ဖရိုဖရဲဖြစ်အောင် ပေါကြောင်ကြောင် ပြောင်စပ်စပ်ဖြင့် နီးစပ်ရာ ဘလော့ဂါအချို့၏ ရေးနည်းရေးဟန်ကို တရားမ၀င် ခိုးယူကာ အချိန်ဖြုန်း ရေးသားပြီးနောက် ကျွန်ုပ်သည် လွန်စွာမှ မျက်စိညောင်း လက်ညောင်း ခါးကြောင်း ဖြစ်ပါလာသောကြောင့် ကွန်ပျူတာအနားမှ ခဏထွက်ခွါလာပြီး မီးဖိုခန်းထဲသို့ ၀င်ကာ စိတ်ပြေလက်ပျောက် ဂရင်းတီး ပူပူလေး တစ်ခွက် စီမံသောက်လိုက်ရလေတော့သတည်း။ (ပန်ကြားပြန်ကြားလိုသည်မှာ ပြောင်လို၍ တုရေးခြင်း မဟုတ်ရပါ။ ပျော်လို၍ တုရေးလိုက်မိခြင်းသာ ဖြစ်ပါသည်။  နားလည်ပေးလိမ့်မည်ဟု မှတ်ယူပါသည်။ မည်သူတို့၏ ရေးဟန်ရေးဟန်ဖြစ်သည်ဆိုသည်ကိုမူ အလည်လာရောက်သူတို့၏ ပါးနှပ်မှု လိမ္မာမှု စာဖတ်နှံ့စပ်မှု ဘလော့ကြမ်းပိုးဖြစ်မှုတို့က သက်သေခံပြပေလိမ့်မည် ဖြစ်တော့သည် တကား။ ။း))

သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

.



Friday 16 November 2012

ကိုရင်+ကြည်မာ

"ကိုရင်.. ဒီနေ့ ည ၁၁ နာရီမှာ အောင်ဘုတို့ ကောက်ရိုးပုံဘေးကနေ စောင့်နေပါ။ ကြည်မာ ကိုရင်နဲ့ မခွဲနိုင်တော့ဘူး။ ခိုးရာလိုက်ခဲ့တော့မယ်"

ကိုရင်သာထွန်း တစ်ယောက် ညနေခင်း ရေချိုးဖို့ ရေတွင်းကို အသွား ကြည်မာကလဲ သောက်ရေထမ်းဖို့ ရေတွင်းကိုအလာ လမ်းမှာ ဆုံခိုက် ကြည်မာက ထိုစာရွက်ခေါက်ကလေးကို ကိုရင်သာထွန်းအား တိုးတိုးတိတ်တိတ် ပေးခဲ့ခြင်းဖြစ်သည်။ အမှန်မှာ ကြည်မာတစ်ယောက် ကိုရင်သာထွန်း ရေချိုးလာချိန်ကို စောင့်မျှော်နေပြီး အချိန်ကိုက် ထွက်လာခဲ့ခြင်း ဖြစ်သည်။

စာရွက်ခေါက်ကလေးကို ဖြန့်ပြီး ဆယ်ခါထက်မနဲ အကြိမ်ကြိမ် ဖတ်နေမိသည်။ စိတ်လှုပ်ရှားလွန်းလို့ စာရွက်ခေါက်ကလေးကို ကိုင်ထားတဲ့ လက်တောင် တဆတ်ဆတ် တုန်နေလေရဲ့။ ငါ အိုရတော့မှာပါလား။ ဟား ဟား ဟား။ ဟုတ်ပြီ။ ငါလူဖြစ်ရကျိုးနပ်တော့မယ်။ ကြည်မာ ငါ အိုရတော့မယ်... နင်လဲ အိုရတော့မယ်။ ဟား ဟား ဟား ပျော်စရာကြီး။ ထိုကဲ့သို့ တစ်ယောက်ထဲ ပျော်ရွှင်သလိုလို ကြောက်လန့်သလိုလို ခံစားမှုမျိုးဖြစ်ပေါ်လာကာ ရူးချင်သလိုလို နန့်ချင်သလို ဖြစ်နေမိသည်။ ခြေမကိုင်မိ လက်မကိုင်မိလို့ ပြောချင်ပြော၊ မျောက် ငါးပိ ကိုင်မိသလို လို့ ဆိုချင်ဆို။ ဟိုနားက ယားလာလိုက် ဒီနားက ယားလာလိုက် ကြက်သီးမွေးညှင်းတွေ ထ လာလိုက်နဲ့ ကိုရင်တစ်ယောက် ဃနာမငြိမ် ဖြစ်နေလေတော့သည်။

 "အိမ်ထောင်ပြုပြီးရင်  အဖေက အိမ်တစ်လုံး သီးခြားဆောက်ပေးမယ်တဲ့။ ဒါဆို ငါလူဖြစ်သွားပြီ။ လူရာလဲ ၀င်သွားပြီ။ ယုတ်စွအဆုံး သာရေးနာရေး ဖိတ်စာပို့တာကစ ကိုရင်သာထွန်း ဆိုပြီး အိမ်ထောင်ဦးစီး နာမည်နဲ့ အဖိတ်ခံရတော့မယ်။ ဟိုတုန်းကဆို တစ်ခါလာလဲ မိဘတွေဖြစ်တဲ့ ဦးကြီးဖေ+ဒေါ်မယ်အိ၊ တစ်ခါလာလဲ ဦးကြီးဖေ+ဒေါ်မယ်အိနဲ့။ ပြီးတော့ သူတို့ ကိုယ်တိုင်လဲ သွားနိုင်ကြတာမဟုတ်ဘူး။ သူတို့ကိုယ်စား ငါဘဲ လိုက်နေရတယ်။ အခုတော့ ငါ လက်မ ထောင်နိုင်တော့မယ်။ ကြည်မာလေးကလဲ ချစ်စရာ ၀၀ကစ်ကစ်ကလေး။ ငါ့မိဘ နှစ်ပါးကလဲ ဘယ်လို မိန်းခလေးနဲ့ဘဲ ဖြစ်ဖြစ်။ ကျိုးနေ ကန်းနေဦးပစေဦး။ သဘောတူတယ်တဲ့။ ဒါပေမဲ့ သူခိုးကျင့် သူခိုးကြံ အကျင့်ယုတ်တဲ့ မိန်းမဆိုရင်တော့ ဘုရင့်သမီး ဖြစ်ပစေ။ သဘောမတူဘူးတဲ့။ ကြည်မာလေးက ရိုးရိုးသားသား ဖြူဖြူစင်စင်လေးဆိုတော့ မိဘတွေက သဘောမတူစရာမရှိ။ သဘောတူပြီးသား။ ခက်တာက ကြည့်မာ့အဖေ ဦးလူပု။ ဦးလူပုနဲ့ အဖေဦးကြီးဖေက ငယ်စဉ်လူပျိုဘ၀တုန်းက အမေမယ်အိကို ပြိုင်ပိုးခဲ့ကြတာတဲ့။ နောက်ဆုံး အမေ မယ်အိက အဖေဦးကြီးဖေကိုဘဲ ရွေးချယ်ခဲ့လို့ ဦးလူပုတစ်ယောက် အခဲမကြေဖြစ်နေခဲ့တာတဲ့။ အခုလဲ သူ့သမီးနဲ့ ငါနဲ့ ချစ်ကြိုက်နေတာကို သတင်းတိုးတိုး ကြားရတဲ့အတွက် ကိုရင်သာထွန်းကို ယူမဲ့အစား ခွေးထီးတစ်ကောင်ကို အမြီးဖြတ်ပြီး ပေးစားလိုက်မယ် ဆိုပြီး ကြည်မာကို ဆူပူထားတယ်တဲ့။ ကြည်မာကလဲ ငါမှငါဆိုတော့ ဒီတစ်ခါလဲ ဦးလူပုရေ ခံလက်စနဲ့ ခံသာ ခံပေဦးတော့"

ကိုရင်သာထွန်းတစ်ယောက် သူ့ဖာသာသူ စဉ်းစားလိုက် တစ်ယောက်ထဲ ကြိတ်ပြုံးလိုက် လက်ပတ်နာရီလေးကို ကြည့်လိုက်နဲ့ ၁၁ နာရီကို ရောက်လိုဇော စောနေလေ၏။ ကြည်မာ ကောက်ရိုးပုံနား ရောက်လာရင် ဘယ်လို ချစ်ပစ်လိုက်မယ်။ ဘယ်လို မွှေးမွှေးပေးလိုက်မယ် စသဖြင့် စိတ်ကူးယဉ်ပြီး ရိုးတွင်းခြင်ဆီထိ တသိမ့်သိမ့် တဖိန့်ဖိန့် ဖြစ်နေလေ၏။ အင်းးး ကြည်မာ ကြည်မာ နင် တော်တော်လေး ချစ်ဖို့ကောင်းပါလား။ 

ည ကိုးနာရီခွဲ။

"အားလုံး အပုပ်ကောင်ကို ရုပ်ဆောင်ထားကြတာ။ ယောက်ျားမိန်းမ တွယ်တာစရာ ဘာမှမရှိဘူး။ အားလုံး အပုပ်ကောင်တွေချည်းဘဲ"

"တင်ပါ့ဘုရား"

"ဘယ်လောက်ဘဲ ချောမောလှပတဲ့ အမျိုးသမီးဖြစ်ပစေ။ အမျိုးသား ဖြစ်ပစေ။ ခန္ဓာကိုယ်ထဲမှာ ကျင်ကြီး ကျင်ငယ် အသွေး အသား ပြည် သလိပ် နှပ်ချေး စတဲ့ အညစ်အကြေးတွေ ရှိမနေဘူးလား"

"ရှိနေပါတယ်ဘုရား"

"ဒါဖြင့် ကျားကျားမမ ဘာမက်မောစရာရှိသေးလဲ"

"ဘာမှမရှိပါဘုရား"

"ဒါဖြင့် အမျိုးသမီးတစ်ယောက်ဟာ ရတနာတုံးကြီးလား အညစ်အကြေးတုံးကြီးလား"

"အညစ်အကြေးတုံးကြီးပါဘုရား"

"ဒါဖြင့်ရင် အမျိုးသမီးတစ်ယောက်ဟာ နှစ်သက်စရာလား ရွံရှာစရာကြီးလား"

"ရွံရှာစရာကြီးပါဘုရား"

"အေး.. ယောဂီတို့... အသင်တို့ရဲ့ သန္တာန်မှာ  တဏှာရာဂတွေ ဆန္ဒအားကြီးလာရင် အဲဒီလို အသုဘဘာဝနာ ကမ္မဋ္ဌာန်းမျိုး ရှုမှတ်ရမယ်"

"တင်ပါ့ဘုရား"

အရေးထဲ အိမ်က ထွက်ခါနီးမှာ အဖေ့အခန်းထဲက အလုပ်ပေးတရားသံ သဲ့သဲ့ကို ကြားဖြစ်အောင် ကြားလိုက်သေးသည်။ ဘယ့်နှယ် မိန်းမ သွားခိုးမဲ့ အချိန်ကျမှ အမျိုးသမီးဆိုတာ အညစ်အကြေးတုံးကြီးတဲ့။ ဟောလဲ ဟော ရက်ပါ့။ အဖေကလဲ လူကသာ အိပ်ပျော်နေရင် နေပစေ။ ကက်ဆက်ကိုတော့ လုံးဝ အိပ်ခွင့်မပေး။ ရီးဗာ့ဇ် လုပ်ထားတော့ တရားခွေ အေဆိုက် ဘီဆိုက် ထပ်ကာ ထပ်ကာ လည်နေလေတော့၏။ ရှိစေတော့။ တရားက တရားအလုပ် လုပ်ပစေ။ ငါလဲ ငါ့အလုပ် ငါလုပ်ဖို့ သွားလိုက်ဦးမယ် ဟု တိုးတိုးရေရွတ်ပြီး ကောက်ရိုးပုံဆီသို့ တစ်နာရီကြိုရောက်ဖို့ ခြေဦးလှည့်လေတော့၏။

ကောက်ရိုးပုံက ရွာနဲ့ မလှမ်းမကမ်းမှာမို့ သိပ်မသွားလိုက်ရ။ ခဏလေးနဲ့ ရောက်သွား၏။ ကြည့်မာ့ကို တစ်နာရီကျော်ကျော် စောင့်ရပေဦးတော့မည်။ နွေကာလမို့ ရာသီဥတုက အိုက်စပ်စပ်။ ဖြုတ်တွေ ခြင်တွေကလဲ ပေါမှပေါ။ ကြည်မာ့ဇောနဲ့သာ ငုတ်တုတ်ထိုင်စောင့်နေရသည်။ တစ္ဆေသရဲတော့ ခပ်ကြောက်ကြောက်ရယ်။ ဒီကောက်ရိုးပုံအနီးအနားမှာ မကြာမကြာ စုန်းမီးတောက်လေ့ရှိသည်တဲ့။  ခြင်ကိုက်လိုက် ဖြုတ်ကိုက်လိုက် ခြင်ရိုက်လိုက် ဖြုတ်ရိုက်လိုက် တစ္ဆေကြောက်လိုက် သရဲကြောက်လိုက်ဖြင့် ည ၁၁ နာရီ ထိုးခါနီးသွားလေပြီ။ 
......

အချိန်က တရွေ့ရွေ့ ကုန်လွန်သွားသည်။ အသင့်ထုတ်ရွေးထားသည့် ၀တ်စုံ ငါးစုံနှင့် အသုံးအဆောင်အချို့ကို အိတ်ကလေးထဲ ပြွတ်သိပ်ထည့်လိုက်သည်။ ဒီလောက်ဆို ပစ္စည်းပစ္စယ လုံလောက်ပြီ။ မိဘသဘောမတူပေမဲ့ ခိုးရာလိုက်ပြေးပြီးတဲ့ သမီးကိုတော့ ပြန်ခေါ်ပြီး မင်္ဂလာထပ်ဆောင်ပေးမှာ သေချာသည်။ ထိုအခါကျမှ ၀တ်စုံလှလှပပတွေကို အတိုးချ ၀တ်တော့မည်။ အခုတော့ ကိုရင်သာထွန်းနဲ့ အတူနေရဖို့က ပိုအရေးကြီးသည်။ 

ညနေခင်းက အဖြစ်ကလေး စဉ်းစားမိပြီး ပြုံးလိုက်မိသေးသည်။ တစ်ဖက်ရွာက လက်ဆောင်ရလာသည့် ဒညှင်းသီးမီးဖုတ်ဖြင့် ညနေစာကို မိသားစု အတူတူ စားကြသည်။ ကြည်မာလဲ ဒညှင်းသီးဆို အသေကြိုက်။ ဒညှင်းသီးမီးဖုတ် သုံးစိပ်တိတိ ကြည်မာ စားဖြစ်ခဲ့သည်။ ထို့နောက် ခိုးရာလိုက်မဲ့ အစီအစဉ်ကို အမှတ်ရပြီး သွားကို ထပ်ခါထပ်ခါ တိုက်နေမိသည်။ ကိုယ့်ပါးစပ်နဲ့ကိုယ် အနံ့ခံလိုက်၊ သွားပြန်တိုက်လိုက်နဲ့ သံသရာ လည်နေခဲ့သည်။ မောင်ဖြစ်သူကတောင် အမ ဒီနေ့ သွားတွေ သ လှချည်လား၊ အရေးကြီးတဲ့သူနဲ့ တွေ့ဖို့ အစီအစဉ်ရှိပုံရတယ် လို့ စ နောက်နေသေးသည်။ မဟုတ်ပါဘူး ငါ့မောင်ရယ် ဒညှင်းသီးတွေ သွားကြားထဲ ညှပ်နေလို့ အခုလို သွားတိုက်နေရတာပါဆိုပြီး မလုံ့တလုံ ပြန်ပြောခဲ့ရသေးသည်။ တိုက်ဆိုင်မှုက တိုက်ရိုက်ဖြစ်နေလေတော့ မလုံမလဲ ဖြစ်မိခဲ့တာတော့ အမှန်။ 

ည ၁၀း၄၅ နာရီ

ဒီအချိန်ဆို ကိုရင်သာထွန်း ကောက်ရိုးပုံနား စောင့်နေလောက်ပြီ။ အချိန်ဆွဲနေလို့ မဖြစ်တော့။ သွားဖို့ အချိန်တန်ပြီ။  ဒါပေမဲ့ အမှန်တကယ် မိဘနဲ့ ခွဲရတော့မယ် ဆိုတဲ့ အသိက ရင်ကို လာထိသည်။ မျက်ရည်တွေ မဖိတ်ခေါ်ဘဲ ရောက်လာသည်။ သေကွဲ ကွဲတာမှ မဟုတ်တာ ဘာမှ ၀မ်းနည်းစရာမလိုပါဘူး။ အချိန်တန်ရင် မိဘနဲ့ ပြန်တွေ့ခွင့်ရဦးမှာဘဲ ဟု အားတင်းပြီး မိဘနှစ်ပါး ရှိရာသို့ မှန်းဆပြီး ဦးသုံးကြိမ်စီချကာ ကန်တော့လိုက်သည်။ ထို့နောက် မီးလပ်စ် စနိုးဗူးလေးကို ဖွင့်ပြီး မျက်နှာတစ်ခုလုံး ကပျာကယာ လိမ်းခြယ်လိုက်သည်။ ထို့နောက်တွင်တော့ အခန်းထဲမှ ခြေဖော့ကာ ထွက်ခဲ့ပြီး အိမ်တံခါးမကြီးကို အသာအယာဖွင့်ကာ အပြင်ဘက်မှ ပြန်၍ တံခါးစေ့ထားခဲ့ပြီး အိမ်ပေါ်မှ အထုပ်ပိုက်ကာ ဆင်းခဲ့လေတော့၏။ 

ကိုရင်နဲ့တွေ့ရတော့မယ်၊ အိုရတော့မယ်ဆိုတဲ့ အသိက ရင်ကို အခုန်ပိုမြန်စေလေ၏။ တကယ်တမ်း အိုရတော့မယ်ဆိုတော့လဲ  ကြောက်သလိုလန့်သလို ဖြစ်လာပြီး ချွေးစေးများ ပြန်လာလေ၏။ ကိုရင်က ငါ့အပေါ် ကောင်းလောက်ပါတယ်လေ။ သူ့ခမျာ ငါ့ကို အရမ်းချစ်ရှာတာ။ တစ်သက်လုံး အေးအေး ချမ်းချမ်း အတူတူ နေထိုင်ရလောက်ပါတယ် လို့ စဉ်းစားပြီး ကြောက်စိတ်ကို ပြန်ဖြေလေ၏။ သို့သော် ကောက်ရိုးပုံနား နီးလေ ကြောက်စိတ်ဝင်လေတော့ ဖြစ်နေမိ၏။ ဗိုက်ထဲက နာလာသလိုလို အိမ်သာတက်ချင်သလိုလို အပေါ့သွားချင်သလိုလို ဖြစ်လာပြီး ခြေလှမ်းများပင် မမှန်ချင်တော့။ ကတုန်ကယင်ဖြစ်ပြီး ခန္ဓာကိုယ်တစ်ခုလုံး ပျော့ခွေကျချင်သလိုလို ဖြစ်လာ၏။ ချွေးစေးတွေကလဲ တစ်ကိုယ်ကောင်လုံး ရွှဲရွှဲစိုလို့။
....

ဟော... ဟိုမှာ ကြည်မာ လာနေပြီ။ ငါ ဘယ်က စပြီး ဘယ်လို လုပ်ရပါ့မလဲ။ တွေ့တွေ့ချင်း အတင်းဖက်ပြီး မွှေးမွှေးပေးလိုက်ရင် ရိုင်းတယ်လို့များ ထင်သွားလေမလား။ လက်ကလေးကမ်းပေးပြီး လာ သွားကြစို့ဆိုပြီး ပြဇာတ်ဆန်ဆန် လက်မှတ်ထိုးဖို့ တစ်ဖက်ရွာကို ချီတက်ရ ကောင်းလေမလား။ ဒါမှမဟုတ် ဒီကောက်ရိုးပုံမှာ ခဏနားပြီး အေးအေးဆေးဆေး စကားပြောရ ကောင်းလေမလား။ အင်း.. ဘယ်အရာမဆို အစမှာ ခက်လေ့ခက်ထရှိတယ်ဆိုတာ ဟုတ်လောက်တယ်။ မီးစင်ကြည့် က ရတော့မှာပါ့။

"ကိုရင် ကိုရင်... ကြည်မာ ဗိုက်နာလာလို့ ဒီအထုပ် ခဏလေး ကိုင်ထားဦး။ ကြည်မာ တောစပ်ခဏသွားပြီး တောထိုင်လိုက်ဦးမယ်"

"အော်... အေး..အေး ထားခဲ့ ထားခဲ့"

ငါးမိနစ်လောက်ကြာတော့ ကြည်မာ ပြန်ရောက်လာသည်။ ရင်ခွင်ထဲ ခေါင်းထိုးထည့်ပြီး ချစ်လိုက်ရတာ ကိုရင်ရယ် ဟု တိုးတိုးမောလျသံလေးဖြင့် ပြောသည်။ မီးလပ်စ် စနိုးအနံ့လေးက နှာခေါင်းကို လာမိတ်ဆက်သည်။ နှာခေါင်း ပွစိပွစိ ဖြစ်လာသည်။ ထိုအခိုက် ကြည်မာ့ထံမှ ဘူကနဲ လေလည်သံ ထွက်ပေါ်လာသည်။ အသံနဲ့အတူ စူးစူးရှရှဒညှင်းသီးနံ့ပါ ကပ်ပါလာလေသည်။ 

"ကိုရင်... ကြည်မာ ဗိုက်နာလာပြန်ပြီ။ ညနေတုန်းက ဒညှင်းသီး မီးဖုတ်စားခဲ့တာကြောင့်ထင်တယ်။ ခဏလေးနော်။ ကြည်မာ တောသွားထိုင်လိုက်ပြန်ဦးမယ်"

ဒီတစ်ခါတော့ ကြည်မာရဲ့ ၀မ်းလျောတဲ့အသံ၊ တင်ပါးကို ခြင်တွေ ဖြုတ်တွေကိုက်လို့ တဖျတ်ဖျတ် လက်နဲ့ ရိုက်မောင်းနေတဲ့အသံတို့ကို အတိုင်းသား ကြားနေရလေ၏။ ငါးမိနစ်လောက်ကြာတော့ ကြည်မာ ပြန်ရောက်လာပြန်၏။ ထို့နောက် ဗိုက်ပြန်နာသည်ဆိုတာ တောထိုင်သွားပြန်လေ၏။ ထိုကဲ့သို့ ပြန်လာလိုက် ပြန်သွားလိုက်နဲ့ ငါးကြိမ်မြောက် ၀မ်းလျောအပြီးမှာတော့ ကြည်မာတစ်ယောက် ယဲ့ယဲ့လေးသာ ကျန်လေတော့၏။ 

ကောက်ရိုးပုံကို မှီထိုင်နေသည့် ကိုရင့်ရင်ခွင်ထဲသို့ ကြည်မာ့တစ်ကိုယ်လုံး တိုးပြိုကျလာ၏။ ကိုရင်လဲ အလိုက်အထိုက် ဖက်ထွေးထားလိုက်၏။ ကြည်မာ့ခန္ဓာကိုယ်တစ်ခုလုံး ဒညှင်းသီးနံ့ဖြင့် နံစော်နေလေ၏။ စကားပြောတိုင်းလဲ ပါးစပ်မှ ဒညှင်းသီးနံ့ ထွက်နေ၏။ လေလည်ပြန်ရင်လဲ ဒညှင်းသီးပုပ်နံ့ တလှိုင်လှိုင်ထ၏။ ၀မ်းသွားပြီးသည့်အခါ ရေမသုံးဘဲ နီးစပ်ရာ သစ်ကိုင်းလေးများဖြင့်သာ သုတ်သင်ခဲ့ရသောကြောင့် ထိုအရပ်မှလည်း ဒညှင်းသီးနံ့ထွက်ပေါ်နေပုံရ၏။ ခန္ဓာကိုယ်မှထွက်သည့် ချွေးစေးများ၏ အနံ့သည်လည်း ဒညှင်းသီးအနံ့ ဖြစ်နေလေတော့၏။ ကိုရင်သာထွန်းတစ်ယောက် ချစ်ရသူ ကြည်မာကို ပိုက်ထွေးထားရသည်နဲ့ မတူတော့ဘဲ ဒညှင်းသီးပုပ် အိတ်စုပ်ကြီးတစ်လုံးကို ဖက်တွယ်ထားရသကဲ့သို့သာ ထင်မှတ်နေမိလေတော့၏။ နံလိုက်သည့် ဖြစ်ခြင်း။ အော်...ဒုက္ခ ဒုက္ခ။

"ကဲ.. ကြည်မာရေ... ကိုတို့ လက်မှတ်သွားထိုးရမဲ့ ရွာက သုံးမိုင်လောက် ဝေးတယ်။ ကြည်မာလဲ အဲဒီလောက် လမ်းလျှောက်နိုင်မယ်မထင်ဘူး။ အခုတောင် ယဲ့ယဲ့လေးဘဲ ကျန်တော့တာ။ ဒီတော့ ကြည်မာ အိမ်ပြန်ပြီး အေးအေးဆေးဆေး အနားယူရင် ပိုအဆင်ပြေမယ်ထင်တယ်။ အခုထက်ထိ ကြည်မာ့အိမ်ကလဲ ကြည်မာ ထွက်တာလာ သိကြသေးပုံမပေါ်ဘူး။ ဒီတော့ ကိုတို့ ရွာထဲ ပြန်ဝင်ပြီး ကိုယ့်အိမ်ကိုယ် ပြန်နေကြတာပေါ့။ ကြည်မာ့အထုပ်ကိုတော့ ကို့ကို ပေးခဲ့လိုက်။ နောက်အခွင့်သာမှ ပြန်ယူပေါ့။ တော်ကြာ ကြည်မာ့ အိမ်အတက်မှာ ကြည်မာ့မိဘတွေ မြင်သွားရင် ဖြေရှင်းရ ခက်နေဦးမယ်။ ဒီအတိုင်း အထုပ်မပါဘဲ အိမ်ပေါ်အတက်မှာ တစ်ယောက်ယောက် မြင်သွားရင်လဲ ဗိုက်နာလို့ အိမ်သာသွားတက်တာလို့ ပြောလိုက်ရုံပေါ့။ နော်။ ကြည်မာ ကျန်းမာရေး လုံးဝ ကောင်းလာတဲ့အခါကျမှ ကိုတို့ရဲ့ ရှေ့ရေးအတွက် ထပ်ဆွေးနွေးကြတာပေါ့။ ဟုတ်ဖူးလား"

"ကြည်မာလဲ အဲလို ပြောမလို့။ ကို့ကို အားနာလိုက်တာ။ တကယ့်အရေးကျမှ ဒညှင်းသီးက လာဖျက်တယ်။ ကြည်မာ တကယ် စိတ်မကောင်းဘူး။ ကြည်မာတို့ ရေစက်မပါလာကြဘူး ထင်တယ်နော်"

တိုးလျစွာဖြင့် ကြည်မာ ညီးညူသည်။ ထို့နောက် နှစ်ယောက်သား မတ်တပ်ထလိုက်ကြသည်။ ထို့နောက် ကိုရင်သာထွန်းတစ်ယောက် ကြည်မာကို ဖြေးဖြေးချင်းတွဲခေါ်ပြီး ကြည်မာ့အိမ်နဲ့ မလှမ်းမကမ်းအထိ လိုက်ပို့ပေးလိုက်လေတော့၏။ ကြည်မာ့အိမ်က  ဘာသံမှ မကြားရတာ ထောက်ရင် ကြည်မာ အဆင်ပြေစွာ အိမ်ထဲ ၀င်ရောက်နိုင်တာ သေချာပြီ။ ပူစရာ မလိုတော့။

ထို့နောက်တွင်တော့ ကိုရင်သာထွန်းတစ်ယောက် ကြည်မာရဲ့ အထုပ်အိတ်ကလေးကို ပိုက်ကာ အိမ်သို့ ပြန်လာခဲ့လေ၏။ တစ်ခါတစ်ခါ ကိုရင်တစ်ယောက် ညဥ့်နက်သန်းခေါင်ရောက်မှ ရွာလည်ရာက ပြန်လာနေကျမို့ မိဘတွေအတွက်ကတော့ ဘာမှ ပူစရာမလို။ သက်တောင့်သက်သာ အိမ်တံခါးဖွင့်ပြီး အိမ်ထဲ ၀င်လိုက်၏။ အဖေနဲ့ အမေ နှစ်ယောက်လုံး အိပ်မောကျနေကြလေပြီ။ သို့သော် အဖေ ဖွင့်ထားသည့် တရားတိတ်ခွေမှာမူ တစ်ပတ်ပြန်လည်ပြီး တိုက်ဆိုင်စွာပင် ကိုရင်သာထွန်း အိမ်က ထွက်ခွါစဉ်က ကြားနားခဲ့ရသည့်  နေရာသို့ ပြန်ရောက်နေလေတော့၏။

"အားလုံး အပုပ်ကောင်ကို ရုပ်ဆောင်ထားကြတာ။ ယောက်ျားမိန်းမ တွယ်တာစရာ ဘာမှမရှိဘူး။ အားလုံး အပုပ်ကောင်တွေချည်းဘဲ"

"တင်ပါ့ဘုရား"

"ဘယ်လောက်ဘဲ ချောမောလှပတဲ့ အမျိုးသမီးဖြစ်ပစေ။ အမျိုးသား ဖြစ်ပစေ။ ခန္ဓာကိုယ်ထဲမှာ ကျင်ကြီး ကျင်ငယ် အသွေး အသား ပြည် သလိပ် နှပ်ချေး စတဲ့ အညစ်အကြေးတွေ ရှိမနေဘူးလား"

"ရှိနေပါတယ်ဘုရား"

"ဒါဖြင့် ကျားကျားမမ ဘာမက်မောစရာရှိသေးလဲ"

"ဘာမှမရှိပါဘုရား"

"ဒါဖြင့် အမျိုးသမီးတစ်ယောက်ဟာ ရတနာတုံးကြီးလား အညစ်အကြေးတုံးကြီးလား"

"အညစ်အကြေးတုံးကြီးပါဘုရား"

"ဒါဖြင့်ရင် အမျိုးသမီးတစ်ယောက်ဟာ နှစ်သက်စရာလား ရွံရှာစရာကြီးလား"

"ရွံရှာစရာကြီးပါဘုရား"

"အေး.. ယောဂီတို့... အသင်တို့ရဲ့ သန္တာန်မှာ  တဏှာရာဂတွေ ဆန္ဒအားကြီးလာရင် အဲဒီလို အသုဘဘာဝနာ ကမ္မဋ္ဌာန်းမျိုး ရှုမှတ်ရမယ်"

"တင်ပါ့ဘုရား"

+=++========++++=

...
သဗ္ဗေသတ္တာ အဝေရာ ဟောန္တု။
ကိုကိုမောင် (ပန်းရနံ့)

..

Thursday 1 November 2012

ပုလဲရတု တောင်းဆုပြု

နှစ်သုံးဆယ်မှာ မင်္ဂလာ
အန်တီတင့်နှင့် ခင်ပွန်းပါ။

လျှောက်လှမ်းခဲ့ရာ ထိုနှစ်သစ်
ပုလဲရတု အချစ်စစ်။

လက်ထပ်နှစ်မှာ ချစ်ထပ်ပျိုး
နှစ်ပေါင်းများစွာ အချစ်တိုး။

.
 ****
ဝန်ခံချက်။
 ဆရာဟန်ကြည်တို့လို ပြီးတော့ ကြောင်စမင်းတို့လို ဘ၀အတွေ့အကြုံ မပြည့်စုံရှာတဲ့ သူကြီးမင်းတစ်ယောက်ခမျာ သူတို့လို ပြည့်ပြည့်စုံစုံ ဆုတောင်းမပေးနိုင်ရှာဘဲ ကလေးဘ၀တုန်းက ကျောင်းဖတ်စာအုပ်ထဲမှာ ဖတ်ခဲ့ဖူးတဲ့ "ရက်သုံးဆယ်မှာ စက်တင်ဘာ" ဆိုတဲ့ ကဗျာအလိုက်ကလေးနဲ့ဘဲ တီတင့်ရဲ့ မင်္ဂလာပုလဲရတုကို ဂုဏ်ပြုလိုက်ရရှာပါပကောလား။း))

တီတင့်ရေ.. ကဗျာလေးထဲက အတိုင်းပါဘဲ။ နှစ်ပေါင်းသုံးဆယ် ပုလဲရတုတိုင်အောင် အချင်းချင်း ချစ်ခြင်း နားလည်ခြင်း ယုံကြည်ခြင်း သည်းခံခြင်း စာနာခွင့်လွှတ်ခြင်းစတဲ့ လူတော်လူကောင်းတွေရဲ့ စိတ်ဓါတ်တွေနဲ့ အတူတူ လျှောက်လှမ်းခဲ့ကြတဲ့ တီတင့်တို့ ဇနီးမောင်နှံနှစ်ယောက် အတိတ်မှာ ကျင့်သုံးခဲ့တဲ့ အချင်းချင်း ချစ်ခြင်း နားလည်ခြင်း ယုံကြည်ခြင်း သည်းခံခြင်း စာနာခွင့်လွှတ်ခြင်း စတဲ့ စံတုမမှီအချစ်တို့ထက် ပိုမိုသာလွန်နဲ့ အချစ်စစ်စစ်တို့နဲ့ ရာသက်ပန်တိုင် ထာဝရပျော်ရွှင် ရပ်တည်နိုင်ပါစေ။ ကျန်းမာချမ်းသာပြီး လူမှုရေး သာသနာရေးတို့ကို နိုင်သလောက် ဆောင်ရွက်နိုင်ပါစေလို့ တီတင့်ရဲ့ ပုလဲရတုမင်္ဂလာနေ့မှာ သူကြီးမင်း ဆုတောင်းပေးလိုက်ပါတယ်။ ။

.