Sunday 19 December 2010

မိနှင်းသို့ ပေးစာတစ်စောင်

နှင်းရယ်.. ရက်စက်လိုက်တာ။ ဘယ်အငြိုးတွေကြောင့် ဒီလောက် ရက်စက်ပြရတာလဲ။ ကျနော်ဘာမှ နားမလည်တော့ဘူး။ နှင်းရဲ့ နှလုံးသားထဲမှာ ဘာဖြစ်လို့ အခုလို ရက်စက်မှုတွေ ကိန်းဝပ်နေရတာလဲ။ ကျနော့်မှာ ဘာအမှားတွေရှိလို့ ဒီလောက်တောင် ရက်စက်ရတာလဲ။ ကျနော်ဘာမှ မသိတော့ဘူး နှင်းရယ်။ တကယ်ဆို နှင်းရဲ့ နှလုံးသားက အဖြူရောင်သက်သက်လေးပါ။ ဘာဖြစ်လို့ ဘာ့ကြောင့် ဘယ်လို ဘယ်သူက နှင်းရဲ့ နှလုံးသားကို အခုလို ညစ်ပတ်ပေရေနေတဲ့ အမဲရောင်တွေ ဆိုးသွားရတာလဲ။ နှင်းကို ကျနော်ယုံတယ်။ နှင်းရဲ့ နှလုံးသား အစစ်အမှန်က အခုလို ကောက်ကျစ်ညစ်ပတ်မှုနဲ့ တည်ဆောက်ထားတာ မဟုတ်ဘူး။

မှတ်မိသေးတယ်။ လွန်ခဲ့တဲ့ သုံးနှစ်လောက်က နှင်းနှင့်ကျနော် စတင်ဆုံဆည်းခဲ့တယ်။ အခိုက်အတန့်လေး ဆုံဆည်းခွင့်ရခဲ့ပေမဲ့ နှင်းရဲ့ သိမ်မွေ့မှု ယဉ်ကျေးမှု ဖြူစင်မှု ရိုးသားမှု ဖော်ရွှေမှုတွေကြောင့် နှင်းကို ကျနော် ရင်ထဲက နက်နက်နဲနဲ မြတ်နိုးတွယ်တာမိခဲ့တယ်။ အဲဒီတုန်းက နှင်းရဲ့ အပြုံးလေး အခုထက်ထိ ကျနော်မမေ့သေးဘူး။ ဘယ်တော့မှလဲ မေ့ပစ်လို့ရမဲ့ အပြုံးမျိုးမဟုတ်ပါဘူးနှင်းရယ်။ နှင်းရဲ့တိုးညှင်းသာယာလှတဲ့ ရယ်မောသံလေးရယ်၊ နှင်းရဲ့ ယုယမှုရယ်၊ နှင်းရဲ့ သန့်ရှင်းဖြူစင်တဲ့ အပြုံးပန်းလေးတွေရယ်၊ နှင်းနဲ့ပတ်သက်ခဲ့တဲ့ အမှတ်ရစရာ တွယ်တာစရာတွေ အာလုံး ကျနော့် နှလုံးသားအလယ် ဗဟိုတည့်တည့်မှာ နေရာယူထားခဲ့ကြတယ်လေ။

နှင်းရောက်လာပြီး နောက်တစ်နေ့မှာဘဲ နှင်းရဲ့ ပွေ့ပိုက်မှု၊ နှင်းကို ပွေ့ပိုက်မှု၊ နှင်းရဲ့ကိုယ်သင်းရနံ့၊ နှင်းရဲ့ ကြည်နူးမှု၊ ပြီးတော့ နှင်းရဲ့ ကျီစယ်မှုတွေနဲ့အတူ ကျနော် အကျေနပ်ကြီးကျေနပ်နေခဲ့မိတယ်။ အပျော်ကြီး ပျော်ခဲ့မိတယ်။ အမော်ကြီးမော်ခဲ့မိတယ်လေ။ အဲဒီတုန်းက အချိန်လေးတွေ အခု ပြန်လိုချင်နေမိတယ် နှင်းရယ်။ အဲဒီအချိန်တုန်းက နှင်းရဲ့နှလုံးသားထဲမှာ အမဲရောင်တွေ လုံးဝမရှိခဲ့တာ ကျနော်သိပါတယ်။ ကျနော်သာ အသိဆုံးပါ နှင်းရယ်။ နှင်းလဲ ကျနော့်ဆီမှာ အတော်လေး ပျော်ခဲ့မယ်ဆိုတာ ကျနော် ယုံကြည်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒီနှစ်က စပြီး ကျနော့်ဆီကို နှင်း နှစ်စဉ်ရောက်ခဲ့တယ်လေ။ ထူးထူးခြားခြား ဒီနှစ်ဆို နှင်း ကျနော့်ဆီ နှစ်ခေါက်တိတိရောက်ခဲ့တယ်လေ။ ဒုတိယအခေါက်မှာဆို နှင်းအကြာကြီးနေခဲ့တယ်။ အဲဒါတွေက နှင်းရဲ့ ကျနော့်အပေါ်ထားခဲ့တဲ့ သံယောဇဉ်တွေရဲ့ သက်သေဘဲလို့ ကျနော် ယုံကြည်ပါတယ်။

ဒါပေမဲ့ ဘာဖြစ်လို့ အခုလို ဒုတိယအခေါက်မှာ သစ်စိမ်းချိုးချိုးပြရတာလဲ နှင်းရယ်။ နှင်းရဲ့ အချိုးတွေ အရမ်း အရမ်းကို ပြောင်းလွဲလာတယ်။ နှင်းရဲ့ အပြုံးတွေလဲ မသန့်ရှင်းတော့ဘူး။ နှင်းရဲ့ အပြုံးလေးတွေထဲမှာလဲ ဟန်ဆောင်မှုတွေ အများကြီး မြင်တွေ့ရတယ်။ ပြီးတော့ နှင်းရဲ့ အမူအယာတွေက ခပ်ရိုင်းရိုင်းဖြစ်လာတယ်။ နှင်းရဲ့ စိတ်ဓါတ်တွေက ခပ်ညစ်ညစ်ဖြစ်လာတယ်။ နှင်းရဲ့ ရိုက်နှက်မှုတွေက ကျနော့်တင်မကဘဲ ပတ်ဝန်းကျင်ကိုပါ ထိခိုက်လာတယ်။ အပူချိန် အမြဲအနှုတ်ဒီဂရီအောက်ရောက်နေလို့ ခိုက်ခိုက်တုန်ချမ်းနေရတဲ့အထဲ နှင်းရဲ့ ရက်စက်မှုတွေကြောင့် အားလုံး ဒုက္ခရောက်ကြရတယ်လေ။

မနေ့ကလဲ ကျနော့်အိမ်က အဘိုးကြီးတစ်ယောက်ကို နှင်းအမြင်ကပ်လို့ထင်ပါရဲ့။ နှစ်ခါတိတိ တွန်းလဲပစ်ခဲ့တယ်လေ။ အိမ်ရှေ့မှာတစ်ခါ လမ်းမကြီးပေါ်မှာ တစ်ခါ နှင်းတွန်းလဲတဲ့အတွက် အဘိုးကြီးခမျာ နှစ်ခါစလုံး ဖင်ထိုင်လဲကျသွားရှာတယ်။ ဒဏ်ရာလဲ နဲနဲရသွားရှာတယ်။ နှင်း သိပ်ရက်စက်တာဘဲ။ ဘာဖြစ်လို့ နှင်းနှလုံးသားတွေ အခုလို မာကျောလာရတာလဲ နှင်းရယ်။ အစကတော့ နှင်းရဲ့သာ အမြဲတမ်းအတူနေရရင် ကျနော်ပျော်မယ်ထင်နေခဲ့တာ။ နှင်းကို ကျနော်တို့ တုံးဖလားရွာလေးထိတောင် လိုက်လာစေချင်ခဲ့တာလေ။ အဲဒါတွေ နှင်းသိပါတယ်။

အခုဆို နှင်းရဲ့ ရက်စက်ယုတ်မာမှုတွေကြောင့် ကျနော့်အိမ်ရှေ့မှာ နေ့စဉ်တေးသီပေးနေတဲ့ ငှက်ကလေးတွေလဲ မလာကြတော့ဘူး။ အမြဲတမ်းအစာလာတောင်းတဲ့ ခိုဖြူခိုပြာလေးတွေလဲ မလာကြတော့ဘူး။ လာလည်နေကြ မိတ်ဆွေတွေလဲ အိမ်နားကိုတောင် လာမကပ်ကြတော့ဘူး။ ယုတ်စွအဆုံး အိမ်နားက ဖြတ်မောင်းနေတဲ့ ဘတ်စ်ကားကြီးတွေ ကိုယ်ပိုင်ကားလေးတွေ မော်တော်ဆိုင်ကယ်တွေတောင် အခုဆို အိမ်နားက လမ်းကို လာမဖြတ်သန်းကြတော့ဘူးလေ။ နောက်ရှိသေးတယ်။ မြန်မာပြည်ပြန်ခါနီး ဦးလေးကြီးတစ်ယောက်ကို ကျနော် နေ့စဉ် လန်ဒန်မြို့ထဲက စိတ်ဝင်စားစရာတွေကို တစ်ခုပြီးတစ်ခု လိုက်ပို့ပေးခဲ့တယ်။ အဲဒါ အခု အဲဒီဦးလေးကြီးလဲ ကျနော်နှင့်အတူ လျောက်မလည်ချင်တော့ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ နှင်းကို သူအရမ်းကြောက်လို့တဲ့။ အဲဒါတွေ အားလုံး နှင်းကြောင့် ဖြစ်ရတာပါ။ အဲဒါတွေ အားလုံး နှင်းရဲ့စိတ်ဓါတ်မကောင်းမှုတွေကြောင့်ဖြစ်ရတာပါ။ အဲဒါတွေဟာ နှင်းရဲ့ အပြစ်တွေကြောင့်ပါဘဲ နှင်းရယ်။

ယုတ်စွအဆုံး သုံးမိနစ် နှစ်စီးကျ ကျနော်တို့ အိမ်ခေါင်မိုးပေါ် ဖြတ်ပျံသန်းနေတဲ့ ဝေဟင်က လေယာဉ်တွေတောင် မပျံသန်းကြတော့ဘူးလေ။ နှင်းကို လန့်လို့တဲ့။ အဲဒါကြောင့် မြန်မာပြည်ကအလည်လာခဲ့တဲ့ ကျနော်တို့ရဲ့ ကျေးဇူးရှင်တစ်ယောက် ဘိလပ်မှာ သောင်တင်နေရပြီလေ။ နှင်းက ကျနော့်ကိုသာမကဘဲ ဘာဖြစ်လို့ ပတ်ဝန်းကျင်ကိုပါ လိုက်နှောက်ယှက်ရတာလဲ နှင်းရယ်။ ကျနော့်ကို မကျေနပ်ရင် ကျနော့်တစ်ယောက်ထဲကိုဘဲ မုန်းတီးပစ်လိုက်ပါ၊ ပတ်ဝန်းကျင်ကိုတော့ မမုန်းတီးလိုက်ပါနဲ့လားနှင်းရယ်။

ပြောပါ နှင်း။ ကျနော့်မှာ ဘာအပြစ်ရှိလို့လဲ။ ကျနော် ဘာအပြစ်တွေ ကျူးလွန်ခဲ့မိလို့လဲ။ နှင်းအပေါ် ဘာတွေ မှားခဲ့လို့လဲ။ ဘာကြောင့် အခုလို စိတ်ပြောင်းလဲသွားရတာလဲ။ ကျနော့်အမူအယာတွေက နှင်းကို မနှစ်သက်စေခဲ့တာလား။ ကျနော့်အကြောင်းလဲ နှင်းသိတဲ့အတိုင်းဘဲလေ။ ဒီလိုဘဲ မပွင့်တစ်ပွင့်နဲ့ ခပ်အေးအေးနေတတ်တာ နှင်းဘဲ အသိဆုံးဘဲလေ။ ကျနော့်စိတ်ထဲမှာ ဘယ်သူ့ကိုမှ နှောင့်ယှက်နစ်နာစေမှု မရှိခဲ့တာလဲ နှင်းဘဲနားအလည်ဆုံးဘဲမဟုတ်လား။ ကျနော့်နှလုံးသားက နှင်းနဲ့ တွေ့ခါစအတိုင်း လတ်ဆတ်ရှင်သန်ဆဲပါဘဲ နှင်းရယ်။

တစ်ခုတော့ ပြောမယ် နှင်း။ တကယ်လို့ ကျနော့်မှာ အပြစ်ရှိတယ်ထင်ရင် ကျနော့်ဆီလာပြီး နှင်းကြိုက်သလောက် ထုနှက်ရိုက်ပုတ်လာလှဲ့ပါ နှင်း။ ဒါပေမဲ့ ပတ်ဝန်းကျင်နှင့်ပတ်ဝန်းကျင်က လူတွေ သတ္တ၀ါတွေကိုတော့ လွတ်လပ်ခွင့်ပေးလိုက်ပါ။ ထပ်မနှောက်ယှက်ပါနဲ့တော့။ အနူးအညွတ်တောင်းပန်ပါတယ်။ ရိုကျိုးစွာနဲ့ တောင်းဆိုပါတယ်။ အားလုံးကို ကင်းလွတ်ခွင့်ပေးလိုက်ပါ။ အခုလို အနှုတ်ဒီဂရီတွေအောက်မှာ နှင်းနှင့်ထပ်ပြီး ရန်မဖြစ်ပါရစေနဲ့တော့လား နှင်းရယ်။ ။

တစ်ချိန်တုန်းက
နှင်းရဲ့
ကိုကိုမောင်

.








.

Tuesday 14 December 2010

မမမသို့ ပြောပြချင်သည့် မိန်းမတို့အကြောင်း


ဧကံ သယံ။
တစ်နေ့သောအခါ၌ ကြီးငယ်အရွယ်ရှိ မိန်းတစ်ယောက်သည် လမ်းတစ်ခုပေါ်၌ အထုပ်တစ်ထုပ်ကို ဘယ်ဘက်လက်ဖြင့် ထားပြီး ညာဘက်လက်ဖြင့် ထမီကို တင်ကာ အခြား မိန်းတစ်ယောက်နဲ့အတူ သ၀ါယဆိုင်ရှိရာသို့ တက်ကြွစွာ ချီတက်သွားလေ၏။ ထိုစဉ် ထသ ဘတ်စ်ကားတစ်စီး အနား၌ထိုးရပ်ကာ "မမ ဘယ်သွားလို့လဲ"ဟု မေးလေ၏။ "တပ် ၁၁၁၁၁ ရဲ့ တပ်တော်အကြီးအကဲတစ်ယောက်ဖြစ်တဲ့ တပ်မှူးအိမ်ကို နေ့က သွားခဲ့တယ်။ အဲဒီတပ်မှူးက ဒီနေ့မနက် မင်းဓမ္မ္မလမ်းထိပ် မင်းဟော်ရပ်ကွက်က သ၀ါယဆိုင်တစ်ခုမှာ ရှင်တောင်သနပ်ခါး ထုတ်ပေးတယ်လို့ ပြောခဲ့တဲ့အတွက် အဲဒီလို သွားလို့ပါ" ဟူ၍ ပြန်ပြောပြလေ၏။ "ဒါဖြင့် ဒီဘတ်စ်ကား အဲဒီကို ရောက်တယ် တက်ခဲ့ မမ" ဟု ပြောကာ စပယ်ယာက ထိုမိန်းတို့အား ဘတ်စ်ကားပေါ်သို့ အတင်းဆွဲကာ ခေါ်ဆောင်သွားလေတော့၏။

ထိုမိန်းတို့သည် သ၀ါယဆိုင်သို့ရောက်သောအခါ ပစ္စည်းလိုချင်ဇောဖြင့် တံခါးကြီးကို ဇတ်ကနဲ တွန်းဖွင့်ပြီး ဆိုင်ထဲသို့ ခပ်သွက်သွက်ဝင်သွားရာ မိန်းတစ်ယောက်သည် ကြမ်းပြင်မှ ကြွတက်နေသည့် နှစ်လက်သံတစ်ချောင်းအား ခလုပ်တိုက်မိလိုက်ရာ ခြေမှ သွေးများစီးကျလာလေ၏။ အခြားမိန်းတစ်ယောက်သည် ကူညီဖေးဖို့ အနားသို့လာရောက်ပြီး သွေးထွက်များနေသည်ကို မြင်တွေ့ကာ ပလာစတာနဲ့ ကပ်မှ အဆင်ပြေမယ်ဟု စဉ်းစားပြီး မျက်စိဝေ့၀ဲ ရှာကြည့်ရာ သ၀ါယဆိုင်အပေါ်ထပ်ရှိ ယက်ကြား၌ ထိုးသိမ်းထားသည့် ပလာစတာ အထုပ်အား လှမ်းမြင်လိုက်ပြီး သွားယူဖို့ ပြင်လိုက်ရာ ယက်မှာ အတော်လေး မြှင့်နေသဖြင့် ကုလားထိုင်အလွတ် တစ်လုံးအား ယူကာ ကုလားထိုင်ပေါ်တက်ပြီး မီလက်လမ်းဖြင့် လှမ်းယူလိုက်ရာ ယက်၌ရိုက်ထားသည့် ငါးလက်သံမှိုဖူးဖြင့် ထိုမိန်း၏ လက်အား ပြတ်ရှမိလေတော့၏။

ထိုမိန်းနှစ်ယောက်တို့သည် ဒဏ်ရာကိုယ်စီရထားကြသော်လည်း ရှင်တောင်သနပ်ခါးထုပ်များကို ဈေးသက်သာစွာဖြင့် ရရှိလာကြသည့်အတွက် ပျော်ဆုံးမော်ဆုံး ရှိကြလေ၏။ အိမ်ပြန်ရောက်ရင် ယောက္ခယောင်း တူလေးများအား ဒီသ၀ါယဆိုင်သို့ လာရောက်ဖို့ အကြံပေးရရင် ကောင်းမယ် ဟူသော အတွေးဖြင့် ပြုံးရွှင်စွာ နေအိမ်သို့ လမ်းကြီးအတိုင်း ပြန်လာခဲ့ကြလေ၏။

လမ်းတစ်ဝက်၌ မိန်းတစ်ယောက်သည် "ငါဗိုက်ဆာလိုက်တာဟာ၊ ဆာလွန်းလို့အူကြီးတောင် နာလာသလိုဘဲ။ မျိုးမမဆိုင်ကိုသွားပြီး ဆုရှီ သွားစားကြရအောင်" ဟု ပြောလေ၏။ အခြားမိန်းတစ်ယောက်က "ဟာ.. အဲဒီဆိုင်က ဈေးအဓမ္မတင်ရောင်းတာ၊ သွားစားပါနဲ့။ ငါတို့ ဒီလိုလုပ်ကြရအောင်။ ဒီလမ်းကြီးကနေ ရှေ့ဆက်လျောက်သွားရင် သဒ္ဓမ္မလမ်းသွယ်လေးရှိတယ်။ အဲဒီလမ်းသွယ်လေးအတိုင်း ဆက်သွားရင် သုတသောဆိုတဲ့ ဘုန်းကြီးကျောင်းတစ်ကျောင်းရှိတယ်။ ကျောင်းထိုင်ဘုန်းကြီးနာမည်က ဦးဝါယတဲ့။ ငါနဲ့ အတော်လေး ရင်းနှီးတယ်။ အဲဒီဘုန်းကြီးကျောင်းသွားပြီး ဆွမ်းကျန်ကွမ်းကျန်လေး သွားတောင်းစားကြမယ်လေ " ဟု အကြံပြုလေ၏။ အခြားမိန်းတစ်ယောက်ကလဲ "ဟုတ်တယ် မမရဲ့အကြံ တရားကောင်းတယ် သွားကြမယ်" ဟု ဆိုကာ ဘုန်းကြီးကျောင်းသို့ ရင်တမမဖြင့် အတူတူချီတက်သွားကြလေ၏။

ကျောင်းဝင်းတွင်းသို့ရောက်သွားသည့်အခါ ဦးဝါယသည် သိမ်ကျောင်းအတွင်း၌ တံမြက်စည်းလှဲနေလေ၏။ သိမ်ကျောင်းဝင်းထဲသို့ ထိုမိန်းနှစ်ယောက်ဝင်ရောက်သွားရာ ကျောင်းထိုင်ဘုန်းကြီး ဦးဝါယက "ဟိတ်.. ဟိတ်.. သိမ်ကျောင်းနှင့်မာတုဂါနှင့် အပ်စပ်ဘူး ၀င်ခဲ့ကြနဲ့၊ ကိစ္စရှိရင် ကျောင်းကြီးကစောင့်နေ၊ အဲဒီကို လာခဲ့မယ်" ဟု ပြောလေ၏။

ကျောင်းကြီး၌ ထိုမိန်းတို့အား ကျောင်းထိုင်ဆရာတော်ဦးဝါယက.. "ကဲ.. လာရင်းကိစ္စကိုပြောပါ" ဟု မေးလေ၏။ မိန်းတစ်ယောက်က "တပည့်တော်တို့ ဗိုက်ဆာလို့ လာခဲ့ကြတာပါဘုရား၊ ဆွမ်းကျန်ကွမ်းကျန်လေးများရှိရင် စတော်မူပါဘုရား" ဟု ကွေ့ကောက်မနေဘဲ တဲ့တိုးကြီး လျောက်ထားလေတော့၏။ ဘုန်းကြီးလည်း... "အိမ်း.. အိမ်း.. ဒကာတို့ ဗိုက်ဆာလာရင် နက်ဆွမ်းစားပြီး ကျန်ထားတဲ့ ငါးပြေကို ဆလာနိုင်နိုင်နဲ့ ချက်တားတဲ့ ငါးဟင်းရှိတယ်။ စားသွားကြလေ" ဟုပြောကာ စားပွဲပေါ်ရှိ အုပ်ဆောင်းကို တင်ကာ ငါးပြေဟင်းဖြင့် ဧည့်ခံကျွေးမွေးလေတော့၏။

ထမင်းစားပြီးသောအခါ မည်သည့်စိတ်ကူးပေါက်သည်သိ မိန်းတစ်ယောက်က ကျောင်းထိုင်ဘုန်းကြီး ဦးဝါယအား "အရှင်ဘုရား တပည့်တော်မတို့ ဘုရားက ယောက်ျားလား မိန်းလားဘုရား" ဟု ကောက်ခါငင်ခါ မေးလေ၏။ "ဟ.. ဘုရားဆိုမှတော့ယောက်ျားပေါ့ဟ။ မိန်းက ဘယ်တော့မှ ဘုရားဖြစ်နိုင်ဘူး။ မှတ်ထား။ ဘုရားဖြစ်ချင်ရင် ယောက်ျားဖြစ်အောင် အရင်ဆုတောင်းရတယ်" ဟု ရှင်းပြလေ၏။ "တပည့်တော်တို့က မိန်းလို့ ထင်နေတာဘုရား၊ ဘာဖြစ်လို့လဲဆိုတော့ ဘုရားနာမည်က ဂေါတဆိုလို့ပါဘုရား။ ယောက်ျားဆိုရင် ဂေါတကျားလို့ ဒါမှမဟုတ် ဂေါတထီးလို့ နာမည်ရှိသင့်တယ်မဟုတ်လားဘုရား" ဟု ထပ်တွန့်လိုက်လေ၏။ ဦးဝါယသည် လွန်စွာမှ စိတ်ဆိုးသွားကာ "ဟာ ဒီမိန်းတွေမဟုတ်တာပြောပြီ။ ငါကြိမ်လုံးနဲ့ သလိုက်ရရင် ဒုက္ခကောင်းကောင်းတွေ့ရော့မယ်။ ပါတိုင်းမိန်းဖြစ်ရရင် ငါ့နာမည်လဲ ဦးဝါယ ဟ။ ငါ့ကိုကော မိန်းလို့ ထင်နေသလား။ ငါပြလိုက်ရ။ သွားသွား ထွက်သွား..." ဟု ပါးစပ်ကလဲပြော ကြိမ်လုံးကိုလဲ လက်တစ်ဖြင့် ကိုင်ထားကာ ထိုမိန်းနှစ်ယောက်တို့အား ဘုန်းကြီးကျောင်းမှ နှင်ထုတ်လေတော့၏။

ထိုမိန်းမနှစ်ယောက်တို့သည် ကြောက်အားလန့်အားဖြင့် ဘုန်းကြီးကျောင်းဝင်းအတွင်းမှ ထွက်ပြေးလာကြပြီး လမ်းတစ်ဝက်ခန့်ရောက်သောအခါ ကြောက်လွန်း၍ လမ်းဘေးတစ်နေရာ၌ ကြောက်သေးပန်းကြလေရာ တ ရှီ ရှီ ရှီ ဟူသော အသံတို့ဖြင့် ညံနေလေတော့၏။ (ထို ရှီ ရှီ ရှီ ဟူသော အသံတို့ကို အစွဲပြု၍ ကလေးများအား ရှူးရှူးတည်ပေးသောအခါ ပါးစပ်မှ ရှီ ရှီ ရှီ ဟု ဆိုပေးက ကလေးများ သေးထွက်အား ပိုမြန်စေတတ်သည်ဟူသတတ်။)

ထိုမိန်းတို့ ကိုယ့်အိမ်ကိုယ်ပြန်ရောက်သွားကြသည့်အခါ မိန်းတစ်ယောက်သည် သ၀ါယဆိုင်မှ ဈေးချိုချိုဖြင့် ၀ယ်ယူခဲ့သည့် အထုပ်အားဖြေကာ ပစ္စည်းများကို သေချာစစ်ဆေးနေလေ၏။ ထိုအခိုက် လင်ယောက်ျားသည် အပြင်မှ ပြန်ရောက်လာကာ "မိန်းရေ.. ထမင်းဆာလာပြီ၊ ထမင်းပွဲပြင်တော့၊ ဟို မောင်းကန်ကလာတဲ့ ငါးပိကိုလဲ သုပ်လိုက်ဦးနော်၊ ပြီးတော့ ဆရာမြို့ငြိမ်းသီချင်းအေးအေးလေးဖွင့်ပြီး ရိုမန်တစ်ဆန်ဆန် တို့လင်မယားနှစ်ယောက်အတူတူလက်ဆုံစားကြတာပေါ့" ဟု ပြောလေ၏။ ထိုအခါ မိန်းက "ရှင့်ဖာသာ ပြင်စားတော့တော်ရေ.. ကျုပ်ကတော့ ဘုန်းကြီးကျောင်းဝင်ပြီး ဦးဝါယစွန့်တဲ့ ဆွမ်းကျန်ကွမ်းကျန်လေးတွေ ၀အောင် တီးခဲ့ပြီးပြီ" ဟု အစချီကာ ဖြစ်ကြောင်းရယ် ကုန်စင် ရှင်းပြလေ၏။

မိန်းစကားကို ကြားရသည့်အခါ လင်ယောက်ျားသည် ပြုံးတုံ့တုံ့ဖြစ်သွားကာ "နင်တို့ မိန်းတွေကတော့ ဘုန်းကြီးလဲနေရ လူလဲနေရ၊ အတော်ဒုက္ခပေးကြတယ်၊ သေရင် ယမင်းနဲ့တွေ့ပြီး ငရဲပင်ဌာနချုပ်ဖြစ်တဲ့ အ၀ီစိအထိ သွားရမဲ့အထဲနင်တို့မိန်းတွေပါတယ်" ဟု ပက်ပက်စက်စက် တွယ်နှက်လေတော့၏။ "အံမယ် အံမယ် ရှင်ကကော ဘာထူးလို့လဲ ဟိုက ပစ္စည်း ယူလာ ဒီက ပစ္စည်း ယူလာနဲ့၊ ပြီးတော့ အိမ်ပြန်ရောက်တော့လဲ မိန်းအနားကကို ခွါတယ်ရှိဘူး။ နောက်ပြီး ရွာထဲက ကလေးကျန်းမာရေးအတွက် တည်ငွေတွေကိုလဲ ရှင် အလွဲသုံးစားလုပ်တယ်။ ရှင်ကမှ သေပြီးရင် ယမင်းနဲ့တွေ့ပြီး အ၀ီစိထက်ဆိုးတဲ့ငရဲရှိရင် အဲဒီကို သွားရမှာ" ဟူ၍ မျက်လုံးလေး ကာ ၀င့်ကာဖြင့် ယောက်ျားအား ကက်ကက်လန်လန်ဟန်မူယာလေးဖြင့် ပြန်ချေပလေတော့၏။

ယောက်ျားလည်း မိန်း၏ မျက်စောင်းလှလှလေးအား တွေ့မြင်ရပြီးနောက် ထမင်းစားချင်စိတ်ပျောက်သွားပြီး ဘာစိတ်ပေါက်သွားသည်သိ ပစ္စည်းပုံအားစစ်ဆေးနေသည့် မိန်းကို စွေ့ကနဲ ယူကာ မင်္ဂလာအိပ်ခန်းကြီး အတွင်းသို့ သယ်ယူပြီး နှစ်ယောက်အိပ်ကုတင်ပေါ်သို့ ပစ်ချလိုက်လေ၏။ ပါးစပ်ကလည်း "မိန်းရေ.. နေ့လေး ညခြောက် ထမင်းစားပြီးတစ် ဟစ် ဟစ် ဟစ်" ဟူသော အူမြူးသံကြီး ထွက်ပေါ်နေလေတော့၏။ ထိုမှ နောက်တွင်တော့ "ဟင်း.. ရှင် ဒါ ဘာအချိုးချိုးတာလဲ၊ မိန်းကို ကျွန်များမှတ်နေလား၊ လုပ်လိုက်ရ ပုဒ် ၃၀၄ ထိရော့မယ်။ ကဲ ရှင်ရေ... ဒါတော့ ရဘူး၊ ဒါဘဲရမယ်.. ၀ုန်း ဒိုင်း ဂွမ်း ခွပ် အင့်" ဟူသော အသံများ ထွက်ပေါ်လာပြီးနောက် ယောက်ျားလုပ်သူသည် ပုဆိုးအလည်သားလေးကို ကာ ဆုပ်ကာဖြင့် အခန်းတွင်းထဲမှ ပြေးထွက်လာလေ၏။

ထို့နောက် ထိုယောက်ျားသည် ငိုကြီးချက်ဖြင့်..

"အလေး... မိန်း.. မိန်း.. ဘယ်မိန်းမှ ကောင်းပါလား။ လိုတစ်မျိုး လိုတစ်မျိုးနဲ့။ ဟို ရှေးရှေးတုန်းက ကြားဖူးသည်မှာ မိန်းဆိုတာ မိန်းပြီး စတတ်လို့ မိန်းလို့ ခေါ်သတဲ့။ မိန်းကိစ္စအတွက် မ မ ပြီး ကြည်နူးခွင့်ရလို့ မိန်းလို့ခေါ်သတဲ့။ ဒါ့ပြင် ကဗျာလေးတစ်ပုဒ်ကလဲ "ယားသည့်အခါ၊ ဖြေဖျောက်သာအောင်၊ အပါးမြှောင်၍၊ သုံးဆောင်ရန်ထား၊ မိန်းများကို၊ ယားဟူ၍ ခေါ်သတည်း" တဲ့။ အခုတော့ အဲဒီမိန်းတွေ အဲဒီစည်းကမ်းကို သိလေရော့သလားသိ။ ဘာမှ သုံးလို့ရတော့ပါလား။ အေးလေ... ခေတ်ကြီးကိုက သူတို့ခေတ်၊ သူတို့အားသာတဲ့ခေတ်ကြီးထဲ ရောက်နေပြီကိုး။ ဘာတဲ့။ ခြေ တဲ့။ လက် တဲ့။ ယက် တဲ့။ အူ တဲ့။ တံခါး တဲ့။ သ၀ါယ တဲ့။ သဒ္ဓမ္မ တဲ့။ သုတသော တဲ့။ ဦးဝါယ တဲ့။ ယမင်း တဲ့။ တပ်မှူး တဲ့။ အတွေချည်းသက်သက်ဘဲ။ ဘာတစ်ခုမှ အထီးပါပါလား။ နောက်ပြီး နိုင်ငံတော်က ပေးတဲ့ ဘွဲ့နာမည်တွေကို ကြည့်ဦးလား။ သဒ္ဓမ္မဇောတိက တဲ့။ သိရီသုဓမ္မသိင်္ဂီ တဲ့။ အဂ္ဂဟာပဏ္ဍိတ တဲ့။ အဘိဓဇဟာရဋ္ဌဂုရု တဲ့။ နိုင်ငံတော်ကို အုပ်ချုပ်နေတာကလဲ တပ်တော်အစိုးရတဲ့။ နိုင်ငံတော်ကကိုးကွယ်တဲ့ ဗုဒ္ဓဘာသာဘုရားရှင်ရဲ့ နာမည်ကလဲ ဂေါတ တဲ့။ ဘာများကျန်သေးလို့လဲ။ အတွေချည်းပါလား။ ယုတ်စွအဆုံး ငါတို့ကျက်စားနေထိုင်တဲ့ နိုင်ငံတော်ကြီးတောင်မှ နှစ်လုံး (မမ) နဲ့ တည်ဆောက်ထားတဲ့ မြန်မာနိုင်ငံကြီးဖြစ်နေပါပေါ့လား။ အလေး... အလေး... အဓါတ်တွေ အားသာနေတဲ့ သတ္တလောကကြီးထဲမှာ ငါလူဖြစ်လာရတာ မျက်နှာသိပ်ငယ်ပါပေါ့လား........"

ဟူ၍ ငိုချည်းရှည်ကြီးအား အော်ဟစ်ငိုကြွေးနေလေတော့၏။ ။

သူကြီးကိုကိုမောင်သည် ထိုအချင်းအရာတို့ကို တွေ့မြင်ပြီး အဓါတ်တွေ အားသာနေသည့် လောကကြီးအား စိတ်ကုန်ချင်သယောင်ရှိနေလေ၏။ ထို့နောက် တကယ်ပင် အဓါတ်အားသာတာ သေချာရဲ့လားဟု သံသယ အနည်းငယ်မျှ ဖစ်စေရန် အဖိုဓါတ်နှင့်အဓါတ်တို့ကို သမာဓိချိန်ခွင်လျှာပေါ်တင်ပြီး ထပ်ဆန်းစစ်ကြည့်မိပြန်လေ၏။ အမှန်ပင် အဓါတ်က အားသာနေသည်ကို မျက်ဝါးထင်ထင်မြင်တွေ့ရလေ၏။ ထို့မှနောက်တွင်တော့ သူကြီးကိုကိုမောင်သည် စိတ်အတွင်းမှ အောက်ပါတို့ကို တီးတိုးရေရွတ်နေလေတော့၏။

"အဓါတ်ပါရင် ဘာမှအဆင်ပြေပါလား။ ကြည့်လေ။ အဆင်ပြေပါလားဆိုတဲ့ စကားလုံးမှာတောင် က ပါနေပြန်ပြီ။ ပါရင် အရာအားလုံး ဆန့်ကျင်ဘက်တွေ ဖြစ်ကြကုန်ရောပေါ့။ ဘာတဲ့။ ကောင်းဘူး တဲ့။ မှန်ဘူး တဲ့။ ချစ်ဖူး တဲ့။ လုပ်ဘူး တဲ့။ သွားဘူး တဲ့။ နောက်ပြီး အဓါတ်ပါရင် တားမြစ်တဲ့အမိန့်ပေးသံတွေလဲ ပါလာပြန်ရော။ ကြည့်ပါဦး။ လုပ်နဲ့ တဲ့။ သွားနဲ့ တဲ့။ စားနဲ့ တဲ့။ ကြည့်နဲ့ တဲ့။ ချစ်နဲ့ တဲ့။ ကောင်းရော။ ပြီးတော့ ဘယ်လောက် အစွမ်းထက်ပြီးဘုန်းကြီးတဲ့ သူဖြစ်ပါစေ မိန်းထမီနဲ့ ခြုံအုပ်လိုက်ရင် ဘုန်းကံတွေ နိမ့်သွားရော တဲ့။ ဘုရား ဘုရား။ အဓါတ်က တယ်လဲ ကြောက်စရာကောင်းပါလား။ ရှိသေးတယ်။ သစ်ပင်တွေကိစ္စ။ တုံးဖလားရွာထဲက ငှက်ပျောပင် သင်္ဘောပင် အုန်းသီးပင်တွေ နှစ်က အသီးသီးကြဘူး။ အဲဒါနဲ့ ဒီနှစ်တော့ အဲဒီ အပင်တွေကို မိန်းထမီပတ်ပေးလိုက်ကြတယ်။ သီးလိုက်တာမှ လွန်ရော။ ငှက်ပျောသီး သင်္ဘောသီး အုန်းသီးတွေ တုံးဖလားရွာထဲမှာ ပေါမှပေါဘဲ။ အင်း... အခုမှ စဉ်းစားမိတယ်။ ရွာထဲက ယောက်ျားတွေအတွက် ကြေငြာချက်တစ်စောင်ကြိုတင်ထုတ်ထားဦးမှ။ တော်လို့ ညအိပ်ရာဝင်ပြီး ကိစ္စ၀ိစ္စပြီးကြတဲ့အခါ အမျိုးသားများက မြင်မကန်း မိန်းထမီကောက်ဝတ်မိရင် ဖုန်းကညာတစ်ပါး လုံးရာက ပြားပြီး ယောက်ျားတန်မဲ့ ကိုယ်ဝန်ဆောင်ကုန်ကြရင် ငါ သူကြီး နာမည်ပျက်ရချည်သေးရဲ့။ ဖြစ်ချေဘူး ဖြစ်ချေဘူး အမိန့်တော်ပြန်တမ်းကို အမြန်ထုတ်မှ တော်ကာကျတော့မယ်"

သူကြီးကိုကိုမောင်သည် အထက်ပါကဲ့သို့ အနုလုံပဋိလုံစဉ်းစားခန်းဖွင့်ပြီး အဓါတ်အားသာတဲ့ ဘုံဘ၀ကြီးအား ကြောက်လန့်တုန်လှုပ်ကာ တရားသံဝေ အရကြီး ရနေလေတော့သတည်း။ (ကိုကိုမောင့်အပြောမယုံလျှင် အပေါ်က ခရမ်းရောင်စာလုံးတွေပါတဲ့ လင့်ခ်ကလေးကို ကလစ်ကြည့်ကြကုန်လော့။)

စိတ္တံ န ကမ္ပတု
စိတ်တုန်လှုပ်မှု ကင်းပျောက်ပါစေသတည်း။

မှတ်ချက်။
အထက်ပါ မိန်းနှစ်ယောက်တို့၏ နာမည်မှာ ဒေါ်နွေနှင့် ဒေါ်ညိုတို့ဖြစ်လေ၏။ ယောက်ျားအား ၀ုန်း ဒိုင်း ဂွမ်း လုပ်လိုက်သူမှာ ဒေါ်နွေပင်ဖြစ်၏။ ဒေါ်နွေ၏ ယောက်ျားနာမည်မှာ ကိုဆလာပင် ဖြစ်ပေတော့၏။


.

Friday 10 December 2010

သူကြီးကိုကိုမောင်နှင့် မိန်းမများရခြင်းအကြောင်း

ဧကံ သမယံ။
တစ်နေ့သောအခါ၌ သူကြီးကိုကိုမောင်တစ်ယောက် ပြတင်းပေါက်မှတစ်ဆင့် ဘိလပ်မြေ၏ နှင်းဖြူဖြူလွှလွှလေးတွေကို ကြည့်ရှုခံစားရင်း တုံးဖလားရွာလေးအား သတိတရဖြစ်ကာ ထိုတုံးဖလားရွာ၌လည်း ဘိလပ်မှာကဲ့သို့ အခုလို နှင်းဖြူဖြူဥဥလေးတွေ သက်ဆင်းကျရောက်လာရင် ကောင်းမှာဘဲ ဟူသော အတွေးသန့်သန့်လေး တွေးတောနေစဉ် Royal Mail အမည်ရှိစာပို့ကားလေးတစ်စီး အိမ်ဝင်းခြံစည်းရိုးအနီး ထိုးရပ်ကာ စာပို့လုလင်ဟု ယူဆရသော မကြီးမငယ်အမျိုးသားတစ်ယောက် ကားပေါ်မှဆင်းကာ စာတစ်စောင်အား ကိုင်ဆောင်လျက် အိမ်တံခါးဘောင်အပြင်ဘက်၌ တပ်ဆင်ထားသည့် လူခေါ်ဘဲလ်လေးအား တတုံတုံ မြည်အောင် ဖိနှိပ်လိုက်ပြီး အချက်ပေးခေါ်ဆောင်လေတော့၏။ ထိုဘဲလ်တီးသံကြောင့် သူကြီးကိုကိုမောင်၏ အတိတ်အာရုံတို့သည် ဖြုတ်ကနဲပြတ်တောက်သွားပြီး ပစ္စုပ္ပုန်သို့ အာရုံပြုပြီးသကာလ တံခါးကို ဖွင့်ကာ စာပို့လုလင်ကိုင်ဆောင်လာသည့် စာအုပ်အတွင်း၌ လက်မှတ်ထိုးကာ ထိုစာပို့လုလင်ပေးသော စာတစ်စောင်အား လက်ခံလိုက်လေ၏။ တိုက်ဆိုင်စွာပင် ထိုစာသည် တုံးဖလားရွာမှ ရွာသူရွာသားများကိုယ်စား ပေါက်ကျော်နှင့်တိုးမောင်တို့က ရီဂျစ်စတာဖြင့် ပေးပို့ခဲ့သည့် လွန်စွာဖြင့်အရေးကြီးလှသည့် စာတစ်စောင်ပင် ဖြစ်လေတော့၏။

သူကြီးမင်းခင်များ။
ဘိလပ်၌ နေရေးထိုင်ရေး စားရေးသောက်ရေး တွေးရေး ရေးရေး ပေါင်ရေး ကြောင်ရေး
လောင်းရေး ပေါင်းရေး ချတ်ရေး ချက်ရေး အိပ်ရေး နှိပ်ရေး အစရှိသည့် အရေးများစွာတို့ အဆင်ပြေပါရဲ့လားခင်များ။ ကျွန်ုပ်တို့၏ တုံးဖလားရွာ၌ကား အရေးများစွာအဆင်ပြေသော်လည်း လွန်ခဲ့သည့် တော်သလင်းလ၏ ထိုးနှက်ချက်ကြောင့် ရွာအတွင်း၌ ကျင်လည်ကျက်စားနေထိုင်ကြသော မိနက် မိဖြူ မိကျားစသည့် ကျေးဇူးရှင် ၁၀ ကောင်တို့မှ ကလေးများ အသီးသီးပေါက်ဖွားကြရာဝယ် အထီး ၁၅ ကောင် အမ အကောင် ၅၀ တိတိဖြစ်လေရာ ခွေးဦးရေတိုးပွါးလျက်ရှိနေပါသည်ခင်များ။ ယခုစံနှုန်းအတိုင်း ခွေးမ ၁၀ကောင်မှ တစ်နှစ်ကို ကလေး ၆၅ ကောင်မွေးဖွားလျှင် လေးနှစ်အတွင်း တုံးဖလားရွာရှိလူဦးရေထက် ခွေးဦးရေက ပိုပြီး များပြားလာနိုင်ဖွယ်ရှိသည့်အတွက် ခွေးထီးကလေးများကိုသာ ယူထားပြီး ခွေးမကလေးများကို အရွယ်မရောက်ခင် တစ်နယ်တစ်ကြေးသို့ သွားရောက်ပြီး စွန့်ပစ်ကြဖို့ ရွာသူရွာသားများနှင့် တိုင်ပင်ဆုံးဖြတ်ပြီး ဖြစ်ပါသည်ခင်များ။ သက်မဲ့ထက် သက်ရှိကတန်ဖိုးရှိသလို သက်ရှိအချင်းချင်းမှာလည်း တိရစ္ဆာန်နှင့်လူဆိုလျှင် လူသည်သာ ပဓာနကျပါသည်ခင်များ။ ထို့ကြောင့် ခွေးကျွေးမွေးစရိတ်ကြီးမားသည့်အတွက် လူစားစရိတ်ကြပ်တည်းလာမှာကို ကြိုတင်စဉ်းစားပြီး ယခုကဲ့သို့ တိုင်ပင်ဆုံးဖြတ်ခဲ့ကြခြင်းဘဲ ဖြစ်ပါသည်ခင်များ။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဆုံးဖြတ်ချက်ကိုအတည်ပြုပြီး အကောင်အထည်ဖော်ဆောင်နိုင်ရင် သူကြီးမင်းထံမှ လက်မှတ်နှင့်တကွ စာတစ်စောင်ထွက်ပေးပါရန် အနူးအညွတ်တင်ပြအပ်ပါသည် ခင်များ။

ပုံ

တိုးမောင်၊ ပေါက်ကျော်

(တုံးဖလားရွာသူရွာသားများကိုယ်စား)

..

သူကြီးကိုကိုမောင်သည် စာကို အစအဆုံးနှစ်ခေါက်လောက်ထိဖတ်ပြီး စာပါအကြောင်းအရာများကို နှိုင်းချိန်စဉ်းစားနေလေ၏။

အင်း... ဟုတ်ပေသားဘဲ။ တုံးဖလားတစ်ရွာလုံးမှ အိမ်ခြေ ၃၀ ဘဲရှိတယ်။ လူဦးရေက ၂၅၅ ယောက်။ စိုက်ဧကက ၉၅။ တစ်ဧကကို စပါးထွက်နှုန်းက လွန်လွန်ကျွံကျွံရှိလှ အတင်း ၈၀။ ဒီရွာ ဒီလူဦးရေ ဒီစိုက်ဧက ဒီစပါးထွက်နှုန်းနဲ့ စားလောက်သောက်လောက်ကြပေမဲ့ ခွေးဦးရေ တိုးပွါးလာတာနဲ့အမျှ ရွာသူရွာသားများ စားနပ်ရိက္ခာခက်ခဲလာနိုင်တယ်။ စားနပ်ရိက္ခာရှားပါးလာရင် ရွာသူရွာသားတွေ ငတ်မွတ်ခေါင်းပါးမှုဘေးဖြစ်လာနိုင်တယ်။ ပြီးတော့ ကပ်ကြီးသုံးပါး ကြရောက်လာနိုင်တယ်။ ခက်ချေပြီ။ မဖြစ်ချေဖူး။ ဒီကိစ္စဘယ်လိုကိုင်တွယ် ဆုံးဖြတ်ပေးရပါ့မလဲ။ ဟင်းးးး ဒီကိစ္စရဲ့ အဓိက တရားခံက ခွေးမတွေဘဲ။ ခွေးမ အကောင်ရေများစွာ မွေးဖွားလာလို့ အခုလို ပြဿနာဖြစ်လာရတာ။ အခုကြည့်လေ။ ခွေးမ ၁၀ ကောင်က မွေးဖွားလာလိုက်တာ အထီးက ၁၅ ကောင်ထဲ ရှိပေမဲ့ အမက အကောင် ၅၀ တဲ့။ ဘုရားဘုရား ကြောက်ဖွယ်လိလိပါလား။ (သူကြီးကိုကိုမောင်သည် ထိုကိစ္စကို စဉ်းစားရင်း ကြံကြံဖန်ဖန် ကလေးဘ၀တုန်းက ခွေးမကြီး ကလေးမွေးလျှင် အထီးအမခွဲခြားနိုင်စေရင် ခွေးကလေးတွေရဲ့ ဖင်ကို မမပြီး လှန်ကြည့်ရတာကို ပြေးမြင်ယောင်ပြီး ပြုံးမိလိုက်သေး၏။) ခွေးဘုံခွေးဘ၀မှာ ခွေးဦးရေ တိုးပွါးလာတာဟာ ခွေးမတွေကြောင့်ဘဲ။ ခွေးမက ခွေးမလေးများကို မွေးဖွားပေးပြီး ထိုခွေးမလေးများက နောက်တစ်နှစ်၌ ခွေးမလေးများကို ထပ်မွေးဖွားပေးဦးမှာဘဲ။ ခွေးသက်တမ်းက ၁၆ နှစ်ခန့်ရှိတဲ့အတွက် တစ်နှစ်ကို ခွေးမပေါက်နှုန်းက အလွန်များပြားလာမှာသေချာတယ်။ ခွေးမပေါက်နှုန်းများပြားလာတာနဲ့အမျှ ရွာသူရွာသားများအပါအ၀င် ခွေးများအားလုံး အငတ်ဘေး ကြုံတွေ့ကြရဦးမှာပါလား။ အင်း... အင်း... လူ့ဘုံလူ့ဘ၀မှာလဲ ဘာထူးသေးလို့လဲ။ အမျိုးသမီးပေါက်ဖွားနှုန်းများပြားလာတာကြောင့် လူဦးရေ တိုးပွါးလာရတာမဟုတ်လား။

သူကြီးကိုကိုမောင်သည် ဘာမှမစပ်မဆိုင် ခွေးဦးရေများပြားလာရခြင်းအကြောင်း စဉ်းစားရင်း ကမ္ဘာ့လူဦးရေ တိုးပွါးလာရခြင်းအကြောင်းဘက် တွေးတော စဉ်းစားမိလေတော့၏။

သူကြီးကိုကိုမောင်တက်ရောက်ပညာသင်ကြားခဲ့သည့် လန်ဒန်တက္ကသိုလ်အတွင်း၌လည်း ကျောင်းသားအရေအတွက်ထက် ကျောင်းသူအရေအတွက်က အဆမတန်များပြားလေ၏။ သူကြီးကိုကိုမောင်တက်ရောက်ခဲ့သည့် အတန်းတိုင်း၌လည်း အမျိုးသမီးဦးရေက အမျိုးသားဦးရေထက် သုံးဆခန့်များလေ၏။ ယုတ်စွအဆုံး တက္ကသိုလ်ဝန်ထမ်းတွေမှာတောင် အမျိုးသမီးဦးရေက ပိုမိုများပြားလေ၏။ ထို့ကြောင့် တက္ကသိုလ်အတွင်း အုပ်စုဖွဲ့စကားပြောနေကြသည့်သူများကို ကြည့်လျှင် အမျိုးသားတစ်ယောက်အား အမျိုးသမီးများမှ ၀ိုင်းထားကြပြီး တွတ်ထိုးပြောဆိုနေကြသည်က များ၏။ ထန်းလျက်ခဲကို ပုရွက်ဆိတ်ဝိုင်းအုံနေကြသကဲ့သို့ပင်ဖြစ်၏။

သူကြီးကိုကိုမောင်နှင့်သူငယ်ချင်းတို့သည် ဟောလီးဒေးတစ်ရက်၌ ဗဟုသုတဖြစ် အောက်စ်ဖို့ဒ်တက္ကသိုလ်သို့ သွားရောက်လည်ပတ်ကြ၏။ တက္ကသိုလ်အတွင်းရှိ ကောလိပ်အတော်များများသို့ လည်ပတ်ခဲ့၏။ ကျောင်းတိုင်း၌ ကျောင်းသားဦးရေထက် ကျောင်းသူဦးရေက ပိုများပြားသည်ကို သတိထားမိခဲ့၏။ လွန်ခဲ့သည့် အပတ်ကလည်း နာမည်ကြီး ကင်းဘရစ်ဂ်ျ တက္ကသိုလ်သို့ သွားရောက်လည်ပတ်ခဲ့၏။ တောရွာဆန်ဆန်မြို့လေးအတွင်း၌ ကောလိပ်ပေါင်းစုံတည်ဆောက်ထား၏။ ကောလိပ်သုံးလေးခုသို့ ၀င်ရောက် လည်ပတ်ခဲ့၏။ အစီအရီထွက်လာကြည့် သူများကိုကြည့်ရင်း အမျိုးသမီးဦးရေက ပိုမိုမြားပြားကြောင်း အကဲခတ်မိခဲ့၏။

လွန်ခဲ့သည့် ၁၅ ရက်ခန့်က ဘာမင်ဂမ်မြို့ရှိ မက်ဿရူးဘော်လ်တန် ကောလိပ်သို့ သူငယ်ချင်းတစ်ယောက်နဲ့အတူ သွားရောက်ခဲ့၏။ သူငယ်ချင်းက ထိုကောလိပ်ရှိ အတန်းတစ်ခု၌ လက်ချာပေး၏။ ထိုအတန်းအတွင်း၌ ကျောင်းသားကျောင်းသူဦးရေ အယောက် ၂၀ခန့်ရှိရာ ကျောင်းသားအရေအတွက်မှာ တစ်ယောက်ထဲပင်ဖြစ်၏။ အတန်းပိုင်ဆရာမလည်း အမျိုးသမီးပင်ဖြစ်၏။ ထိုကဲ့သို့ အမျိုးသားဦးရေထက် အမျိုးသမီးဦးရေက မြားပြားသည့်အတွက် သူငယ်ချင်းအား "အခုခေတ်မှာ အမျိုးသမီးတွေဘဲ ပညာရေးကို စိတ်ဝင်စားကြတော့တယ်ထင်တယ်။ ဘယ်တက္ကသိုလ်ကြည့်ကြည့် အမျိုးသမီးတွေချည်းဘဲ" ဟု ပြောမိလေ၏။ ထိုအခါ သူငယ်ချင်းက "အမျိုးသမီးတွေက ပညာရေးကို ပိုစိတ်ဝင်စားလို့ တက္ကသိုလ်တွေမှာ အမျိုးသမီးအရေအတွက် များနေတာမဟုတ်ပါဘူး။ ကမ္ဘာ့လူဦးရေထဲမှာ အမျိုးသမီးဦးရေက အဆမတန် တိုးပွါးလာလို့ တက္ကသိုလ်တွေမှာလည်း အမျိုးသမီးတွေ များနေတာပါ။ မယုံရင် ဘယ်နေရာရောက်ရောက် သတိထားကြည့်လေ။ အမျိုးသမီးတွေချည်းဘဲ" ဟု ပြန်ပြောပြ၏။

သူငယ်ချင်းပြောမယ်ဆိုလဲ ပြောချင်စရာပင်။ ဘယ်နေရာကြည့်ကြည့် အမျိုးသမီးထုကသာ ပိုကြီးမားသည်ကို တွေ့ရ၏။ ရထားပေါ် ဘတ်စ်ကားပေါ် သင်္ဘောပေါ် လေယာဉ်ပေါ် ဘယ်ယာဉ်ပေါ်ကြည့်ကြည့် အမျိုးသမီးဦးရေက ပိုမြားပြားသည်ကို တွေ့ရ၏။ လမ်းမ ကမ်းခြေ ဈေး ပန်းခြံ ပြတိုက် ကုမ္ပဏီ ရုံးခန်း ကျောင်း ကန် ဘုရား နေရာတိုင်း၌ အမျိုးသမီးဦးရေက ပန်းပန်လျက် ရှိနေပေ၏။ ဘလော့ဂါအများစုသည်ပင်လျှင် အမျိုးသမီးများ ဖြစ်နေလေ၏။ ကမ္ဘာ့နိုင်ငံအများစု၌လည်း ယောက်ျားများသည် ရှားပါးကုန်ပစ္စည်းအဖြစ်သို့ ရောက်နေကြလေ၏။

အလောင်းတော်သိဒ္ဓတ္ထမင်းသားဘ၀၌ တောမထွက်စေရန် မောင်းမမိဿံ ကချေသည်များဖြင့် အမြဲပျော်ပါးရလေအောင် နေ့ဆိုင်းညဆိုင်းဖြင့် ဖျော်ဖြေထားသည်ကို ဖတ်ခဲ့ဖူး၏။ မြန်မာဘုရင် အဆက်ဆက်ကို ကြည့်ပြန်ပါကလည်း ဘုရင်တစ်ပါးလျှင် မောင်းမမိဿံ ခြွေရံသင်းပင်းက ရာထောင်ချီရှိနေလေ၏။ အနီးဆုံးကြည့်လျှင် မင်းတုန်းမင်းတစ်ပါးထဲ၌ မိဖုရား ငါးဆယ်ကျော်ရှိကြောင်း မှတ်ခဲ့ဖူး၏။ မွတ်စလင်လူမျိုးဘက်ကြည့်လိုက်ပြန်ကလည်း ယောက်ျားတစ်ယောက်ကို မိန်းမ လေးယောက် တရားဝင် ယူခွင့်ပြုထား၏။ သူကြီးမင်း လန်ဒန်ရှိအင်္ဂလိပ်ကျောင်းတစ်ကျောင်း၌ တက်ရောက်စဉ်က ဆိုမာလီလူမျိုး အားလီဆိုသည့် မူစလင်ကျောင်းသားတစ်ယောက်ရှိ၏။ သူ့အပြောအရ မွတ်စလင်တိုင်း မိန်းမလေးယောက်ယူခွင့်ရှိသည်ဟု သိရ၏။ သူက လောလောဆယ် မိန်းမ နှစ်ယောက်ထဲ ရှိသည်မို့ စိတ်ပျက်နေ၏။ နောက်ထပ် နှစ်ယောက်ထပ်ရှာဦးမည်ဟု ပြောပြ၏။

ဤသို့ဤနှယ် ယောက်ျားတစ်ယောက်က တရားဝင်ဖြစ်စေ တရားမ၀င်ဖြစ်စေ ယူထားသည့် အမျိုးသမီးဦးရေ လွန်စွာ မြားပြားပါသော်လည်း ကမ္ဘာအရပ်ရပ်၌ အပျိုကြီးစာရင်း ပိုပိုတိုးလာသည်မှာ အမျိုးသမီးတိုးပွါးနှုန်း မြားပြားခြင်း၏ သရုပ်ပင် ဖြစ်ပေတော့၏။ (အမျိုးသားများ မိန်းမ မရမှာ မပူကြလင့်းဝ)။ အော်.. မိန်းမ.. မိန်းမ.. တယ်လဲ ဖောက်ဖွားနှုန်း မြားပြားပါဘိတောင်း။

လူ့ရပ်လူ့ခွင်မကြည့်ဘဲ နတ်ဘုံနတ်နန်းဘက် လှည့်ကြည့်ပြန်ပါကလည်း သိကြားမင်းကိုယ်တိုင်ပင် မိန်းမလေးယောက် အတည်ယူထား၏။ ထိုသည်ကို ကြည့်ပြီး မွတ်စလင်များအား တရားဝင်မိန်းမလေးယောက် ယူခွင့်ပြုထားသည်လား အောက်မေ့ထင်မှတ်ရ၏။ အရပ်ပြောစကားအရဆိုလျှင်မူ ကုသိုလ်ကောင်းမှု များများလုပ်သည့်အမျိုးသားက သေပြီးလျှင် နတ်ပြည်ရောက်ပြီး နတ်သမီးတစ်ဘက်ငါးရာနှင့် စံစားနေရတတ်၏ တဲ့။

တိရစ္ဆာန်လောက၌လည်း အမပေါက်ဖွားနှုန်းက ကြောက်ခမန်းလိလိ ကြီးမားလျက်ရှိနေပေ၏။ ပြိတ္တာဘုံ ငရဲဘုံတို့၌မူကား မည်သည့်ဦးရေက ပိုမိုမြားပြားနေကြောင်းကိုမူ သူကြီးမင်းကိုယ်တိုင် မရောက်ဖူးခဲ့သည့်အတွက် မသိဖြစ်နေ၍ ထိုသည်မှာ ချွတ်ယွင်းချက်ပင်ဖြစ်၏။ ရောက်ဖူးပြီး သိသည့်သူများ ပြောပြကြပါကုန်းဝ)။

ပတ်ဝန်းကျင်ဘက် တစေ့တစောင်းငှဲ့ကြည့်ပြန်ပါကလည်း သစ်ပင်ပန်းပင်မြောက်မြားစွာ အဖူးအပွင့် အသီးများကို မွေးဖွားပေးနေသည်ကများ၏။ သဘာဝတရားအရမူ သစ်ပင်အမကသာ အဖူးအပွင့်အသီး ဖြစ်ထွန်းစေနိုင်၏။ ရာသီအလိုက် ပန်းများပွင့်ကြရမည်ဖြစ်၏။ ထိုသည်ကိုကြည့်ပြီး သစ်ပင်လောက၌လည်း သစ်ပင်အမများသာ ပိုမြားပြားနေကြောင်း တွေ့ရ၏။

အခေါ်အဝေါ်ဘက် ကြည့်ပြန်ပါကလည်း မိန်းလမ်းမကြီး ပင်မအဆောက်အဦ အိမ်မကြီး တောင်မကြီး အင်းမကြီး မြစ်မကြီး စသည်ဖြင့် အမနာမည်များဖြင့် သုံးနှုန်းထားသည်ကို တွေ့ရ၏။ မြန်မာစာတစ်ပိုဒ်ရေးပြီးတိုင်း ပုဒ်မ (။) ချရ၏။ ထိုပုဒ်မသည် ပုဒ်ထီး (၊) ထက် တစ်ချောင်းသာနေလေ၏။ ယုတ်စွအဆုံး နိုင်ငံတစ်နိုင်ငံကို နာမ်စားအနေနဲ့ သုံးနှုန်းလျှင် She ဟု သုံးနှုန်းလေ၏။ မြစ်တစ်စင်း သင်္ဘောတစ်စီးကို နာမ်စားအနေဖြင့်သုံးနှုန်းလျှင်လည်း She ဟုပင်သုံးနှုန်းလေ၏။ အမများ အားသာသော ခေတ်ပေတည်း။

သူကြီးကိုကိုမောင်ငယ်စဉ်က လူကြီးသူမများ၏ စကားကို မှတ်သားခဲ့ဖူး၏။ ခေတ်ကာလအချိန်အခါ ကြာလာသည်နှင့်အမျှ ယောက်ျားဦးရေနှင့် မိန်းမဦးရေသည် ဥသျှစ်တစ်တင်း နှမ်းတစ်တင်း ဖြစ်လာမည်ဟု ပြောပြကြ၏။ တင်းတောင်းတစ်ခုထဲသို့ ဥသျှစ်သီးများထည့်လိုက်ပါက အများဆုံးဥသျှစ်သီး အလုံးတစ်ရာခန့်သာ ဆန့်လေ၏။ ထိုတင်းတောင်းထဲသို့ နှမ်းစေ့များ ထည့်လိုက်ပါမူ နှမ်းစေ့များ သန်းပေါင်းရာချီဆန့်လေ၏။ ထိုကဲ့သို့ ယောက်ျားဦးရေနှင့် မိန်းမဦးရေ ကွာဟလာမည်ဟု ပြောပြကြ၏။ ထိုခေတ်ထိုအချိန်ရောက်လျှင် နတ်သမီးတမျှ ချောချောလှလှမိန်းမများက ယောက်ျားတစ်ယောက်ကိုမြင်မြင်ချင်း အတင်းခေါ်ဆောင်ပြီး ထိုယောက်ျားနှင့်အဓမ္မပျော်ပါးကြလိမ့်မည်တဲ့။ ယောက်ျားများမှာ မိန်းမတွေကိုမြင်လျှင် လွန်စွာကြောက်လန့်၍ အဝေးကရှောင်ပြီး ထွက်ပြေးကြရမည်တဲ့။ ယောက်ျားတစ်ယောက်အတွက်နဲ့ မိန်းမအချင်းချင်း စစ်ခင်းကြလိမ့်မည်တဲ့။ အင်း... သူကြီးကိုကိုမောင်လဲ ထိုခေတ်ထိုအခါရောက်မှသာ လူပျိုဘ၀ ပျက်ရမည်ထင်၏။းဝ)))။ (ထိုခေတ်ကြီး မြန်မြန်ရောက်ပါစေ။ ) ကမ္ဘာ့နိုင်ငံတိုင်း၌လည်း အမျိုးသမီးဘုရင်မ အမျိုးသမီး ၀န်ကြီးချုပ် အမျိုးသမီး သမတအစရှိသည့် အမျိုးသမီးခေါင်းဆောင်များသာ အုပ်စီးကြလိမ့်မည်တဲ့။

ဧကဧကန် စဉ်းစားကြည့်ပါမူ အမဓါတ်သည် ဆွဲငင်အားဖြစ်၏။ အဖိုဓါတ်သည် အဆွဲခံဓါတ်ဖြစ်၏။ တိရစ္ဆာန်မများနောက် တိရစ္ဆာန်အထီးများက လိုက်လံပေါင်းဖော်ကြရ၏။ အမျိုးသမီးများနောက် အမျိုးသားများက အတင်းလိုက်ကပ်ကြ၏။ ကပ်မိပြန်ပါကလည်း မခွဲချင်မခွါချင် မခွဲနိုင် မခွါနိုင်ဖြစ်ကြရ၏။ ဓါတ်သဘောပင်တည်း။ ထိုဓါတ်သဘောကြောင့်ပင် ကမ္ဘာကြီး ပျက်စီးလိမ့်မည်ဟု ထင်မှတ်မိ၏။

ရေမြေသစ်ပင်တောတောင်တို့ဖြင့် ဖွဲ့စည်းထားသည့် ဤကမ္ဘာမြေကြီးပေါ်၌ သက်ရှိသက်မဲ့အရာအားလုံး အမဓါတ်က ပိုမိုအားသာနေလျှင် ကမ္ဘာ့ဆွဲအား အလွန်ပြင်းထန်လာမည်ဖြစ်၏။ ကမ္ဘာ့ဆွဲအားပြင်းထန်လာသည်နှင့်အမျှ အခြား ဂြိုဟ်သိမ်ဂြိုဟ်မွားများ ဥက္ကာကြယ်ပျံများ အာကာသအတွင်း ရွေ့လျားနေသော အရာဝတ္ထုများ ဤကမ္ဘာအားလာရောက် ပြေးကပ်လာကြမည်ဖြစ်၏။ ထိုပြေးကပ်လာသည့်အရှိန်ကြောင့် ဤကမ္ဘာမြေကြီးလဲ မီးဟုန်းဟုန်းထတောက်ကာ အမှုန်အမွှားဘ၀သို့ ရောက်သွားပြီး လုံးဝပျက်စီးသွားတော့မည်ဟု ထင်မှတ်မိ၏။ ဘုရား ဘုရား... အမများခြင်း မိန်းမများခြင်းကိစ္စကလည်း စဉ်းစားကြည့်လေ ကြောက်စရာကောင်းလေပါဘဲလား ဟူ၍ တစ်သီတစ်တန်းကြီး စဉ်းစားမိကာ သူကြီးကိုကိုမောင်သည် အိပ်မပျော်စားမ၀င်ဘဲ ကမ္ဘာ့မြေကြီးတာရှည်တည်တံ့ဖို့အရေး စိတ်မအေး ဖြစ်နေလေတော့၏။

သူကြီးကိုကိုမောင်သည် သူ၏တုံးဖလားရွာ၌ ခွေးမအကောင်ရေ ၅၀ တိုးပွါးလာရခြင်းကို အကြောင်းပြု၍ ကမ္ဘာကြီး ပျက်သုဉ်းသည်အထိ အိပ်မက်ဆိုးကြီးကို မက်ကာ တိုးမောင်နှင့်ပေါက်ကျော်တို့အား မည်ကဲ့သို့ စာပြန်ရေးပေးရန် စဉ်းစားမရဖြစ်နေလေ၏။ လူတွေကလည်း လူတွေပင်ဖြစ်၏။ လူလိင်ပညာပေးရှိသလိုပင် ခွေးလိင်ပညာပေးလည်းရှိသင့်၏။ ခွေးမျိုးဆက်ခြားပညာ၊ ခွေးသန္ဓေတားဆေးပညာ၊ ခွေးအကာအကွယ်သုံးပညာ စသဖြင့် ပြုလုပ်ပေးသင့်၏။ ယေဘုယျအားဖြင့် လူအမျိုးသမီးများမှာ တစ်ယောက်လျှင် လွန်လွန်ကျွံကျွံ တစ်နှစ်မှတစ်ယောက် မွေးဖွားကြ၏။ ခွေးမများမှာ ထိုကဲ့သို့ မဟုတ် တစ်ရာသီလျှင် ခွေးမတစ်ကောင်က ကလေးငါးကောင်ခန့် မွေးဖွားကြလေ၏။

သူကြီးကိုကိုမောင်လည်း ခေါင်းထူပူနေ၏။ ထိုခွေးမပေါက်ကလေးများကို တစ်နယ်တစ်ကြေး၌ စွန့်ပစ်ဖို့ ကိစ္စကို မည်ကဲ့သို့ ဆုံးဖြတ်ရမည်မသိဖြစ်နေ၏။ လောလောဆယ် အခြေအနေအရမူ တိုက်ဆိုင်စွာပင် သူကြီးကိုကိုမောင်ကိုယ်တိုင်ပင် ဘိလပ်ပြည်မှ နယ်နှင်ဒဏ်မပေးရလေအောင် နေ့စဉ် ရသမျှဘုရားစာတွေအကုန်ရွတ်ဖတ်သရဇ္ဈာယ်၍ ဆုတောင်းနေရသော အချိန်ဖြစ်လေ၏။ သူကြီးကိုကိုမောင်၏ လက်မှတ်တစ်ချက်ဖြင့် ခွေးပေါက်မလေးများ အကောင်ငါးဆယ်တိတိ ဘ၀နစ်နာ ကြရမည်ဖြစ်၏။ ခွေးမိခင်များမှာလည်း မျက်ရည်နှင့်မျက်ခွက် ဖြစ်ကြရမည်ဖြစ်၏။ နောက်ပြီး ထိုကဲ့သို့ သဘောတူကြောင်း လက်မှတ်ထိုးပေးလိုက်လျှင် သူကြီးကိုကိုမောင်ကိုယ်တိုင် လတ်လတ်ဆတ်ဆတ် ၀ဋ်လည်ပြီး ဘိလပ်ပြည်ကြီးမှ နှင်ထုတ်ခံရမှာလည်း တွေးပူနေလေ၏။

သူကြီးကိုကိုမောင်သည် ထိုအမှုတွဲအား ပလပ်ထားရမည်လား၊ ပို့စ်ပုန်းလုပ်ရမည်လား။ ဖျက်သိမ်းပစ်ရမည်လား ဝေခွဲမရဖြစ်နေလေတော့၏။ သို့သော် သူကြီးကိုကိုမောင်ကြံလျှင် ထရံတောင်မှ ချေးတုတ်ခနောင်း ဖြစ်နိုင်ပေသေး၏။ တစ်ခဏမျှ စဉ်းစားပြီး သူကြီးကိုကိုမောင် အကြံပေါ်လေ၏။ ထိုအကြံမှာ ဤအိမ်သို့လာရောက်လည်ပတ်ကြသည့် စာဖတ်သူ ချစ်ပရိသတ်ကြီးအား အကူအညီတောင်းခံရန်အကြံပင်ဖြစ်၏။ ထို့ကြောင့် ပရိသတ်ကြီးများအား အနူးအညွတ် တောင်းဆိုလိုက်ပေ၏။ သူကြီးကိုကိုမောင်၏ (တုံးဖလား)ရပ်ရွာရှိ ထိုခွေးပေါက်မလေးများအား တစ်နယ်တစ်ကြေးသို့ သွားရောက် စွန့်ပစ်သင့် မသင့်ဟူသည့် ပြဿနာကို မဲစနစ် (Vote) ဖြင့် ညီညီညွတ်ညွတ်ဆုံးဖြတ်ပေးကြပါကုန်လော့။ ။း))

စိတ္တံ န ကမ္ပတု
စိတ်တုန်လှုပ်မှုမှ ကင်းဝေးနိုင်ကြပါစေ။

မှတ်ချက်။
အပျိုမလေးများပုံကို ဒီက ယူထား၏။

...